ရုပ်ခန္ဓာဆိုတာ စိတ်ကခိုင်းလို့သာ လုပ်နေရတာ။
ဝေဒနာဆိုတာ အကောင်းအဆိုးစတဲ့ အာရုံတွေကို ခံစားရုံပဲ။
သညာဆိုတာ တွေ့တဲ့အာရုံကို မမေ့အောင် မှတ်သားထားရုံပဲ။
ဝိညာဏ်ဆိုတာလည်း ပေါ်လာတဲ့အာရုံကို သိရုံပဲ။
ခံစားတဲ့စိတ်က ဘယ်လိုခံစား၊ ဘယ်လောက်ထိခံစား………..
မှတ်သားတဲ့စိတ်က ကာယကံရှင်ရဲ့ အသိဉာဏ် အနည်းအများပေါ် မူတည်ပြီး မှတ်ချင်သလိုမှတ်၊ မှားမှား မှန်မှန် မှတ်။
သိတဲ့စိတ်က ကာယကံရှင်ရဲ့ အသိ သတိပေါ်မှာ မူတည်ပြီး ဘယ်လိုသိလိုက်၊ ဘယ်လောက်ထိ သိလိုက်၊
စသဖြင့် စေတနာ စေတသိက်ကပဲ အဓိကခိုင်းနေတာ၊ လှုံ့ဆော်တိုက်တွန်း ပြုလုပ်စီမံနေတာ။
မြင်သမျှ၊ ကြားသမျှ၊ အာရုံခြောက်ပါးနဲ့ ထိတွေ့သမျှ
စိတ်ထဲမှာ သတ်မှတ်ချင်သလို သတ်မှတ်နိုင်အောင်၊ သတ်မှတ်ဖြစ်အောင် လှုံ့ဆော်တိုက်တွန်းတယ်။
အရာရာကို ‘ငါ’ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပတ်သက်ချင်သလို ပတ်သက်နိုင်အောင် စေ့ဆော်ပေးတယ်။
မြင်ခြင်းကိစ္စ၊
ကြားခြင်းကိစ္စ၊
အနံ့ကိစ္စ၊
အရသာကိစ္စ၊
အထိအတွေ့ကိစ္စ၊
စိတ်ကူးကြံစည်၊ စဉ်းစားတွေးတော ကိစ္စတွေနဲ့ ပတ်သက်ပြီး ကုသိုလ်စိတ်ပဲဖြစ်ဖြစ်၊ အကုသိုလ်စိတ်ပဲ ဖြစ်ဖြစ် ပေါ်လာတဲ့ အာရုံတစ်ခုအပေါ်မှာ
သက်ဆိုင်တဲ့ စိတ်စေတသိက်အားလုံး စုပြုံရောက်ရှိလာပြီး ကိုယ့်တာဝန်ကိုယ် ယူကြတာဟာ စေတသိက်တွေရဲ့ သဘာဝ။
မရှိသင့်တဲ့စိတ် မရှိအောင်
မဖြစ်သင့်တဲ့စိတ် မဖြစ်အောင်၊ အသိနဲ့သတိနဲ့ စောင့်ကြည့် သိမှတ်နေမှသာ သက်သာမယ်။
ဘာပဲလုပ်လုပ် စိတ်ကခေါင်းဆောင်၊
စိတ်က ခိုင်းချင်လာအောင်၊ ခိုင်းဖြစ်သွားအောင် စေတသိက်တွေက ပံ့ပိုးတာ၊ တိုက်တွန်းတာ၊ ခြယ်လှယ်တာ၊
လှုံ့ဆော်တာ၊ စေ့ဆော်တာ၊
အဲဒီ စေတသိက်တွေထဲမှာ စေတနာစေတသိက်က အထင်ရှားဆုံး။
စွမ်းအားအရှိဆုံးပဲ။