၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့တုန်းက တိုင်းပြည်ကို ကြေညာတယ်။
၂၀၀၈ ခုနှစ်၊ နိုဝင်လာ (၄) ရက်နေ့ကျရင် အနုပညာလောက ကနေ နှုတ်ထွက်ပြီး ဘုန်းကြီးဝတ်မယ်လို့။
ကြေညာပြီး ရှစ်နှစ်ပြည့်တဲ့နေ့၊
၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၅) ရက်နေ့ မနက်၊ အိပ်ယာက ထထချင်း၊
“ကဲ ဒီနေ့ဟာ တိုင်းပြည်ကို ကြေညာခဲ့တဲ့နေ့ ရောက်ပြီ။ အနုပညာအလုပ်က ထွက်ပြီး ရဟန်းဘ၀ ရောက်တော့မယ်။”
ဒီအခန်းထဲက ဒီအိပ်ယာပေါ်မှာ နှစ်ပေါင်းများစွာ ဇိမ်နဲ့အိပ်ခဲ့တာ ဒီနေ့ နောက်ဆုံးပဲ။ နောင်ကို ဘယ်တော့မှ ဒီအခန်း၊ ဒီအိမ်၊ ဒီခြံဝင်းထဲကို ပြန်လာခွင့် မရှိတော့ဘူးဆိုတာ သိတယ်နော်။ ဘယ့်နှယ်လဲ? ဖြစ်ရဲ့လား? လို့
ကိုယ့်ကိုယ်ကို ပြန်မေးလိုက်တယ်။
ဖြစ်တယ်လို့ ကိုယ့်ဟာကိုယ် ပြန်ဖြေတယ်။
ဒီနေ့ ကျော်ဟိန်းကို အသုဘချတဲ့နေ့လို့ သဘောထားပြီး ထွက်ခဲ့တယ်။
ဒါဟာ ခလုတ်ကို အပေါ်တင်ပြီး
ကျော်ဟိန်းဆိုတဲ့ မီးလုံးကြီးကို လုံးဝပိတ်ပစ်လိုက်တာပဲ။
နောက်ထပ်
ခလုတ်တစ်ခုကတော့ ရွှေ့ရတာ တော်တော်ခက်ခဲ့တယ်။
ရအောင်ဖြတ်နိုင်ပေမယ့် အကျင့်ပါနေတဲ့ စိတ်ချေးတက်နေလို့
တော့်တော့်ကို ခက်ခက်ခဲခဲ ဖြတ်ခဲ့ရတယ်။
လုံးဝ ပြတ်တောက်သွားအောင်
ခလုတ်ကို ရွှေ့တဲ့နေရာမှာ စိတ်ကို စောင့်ကြည့် သိမှတ်တဲ့နည်းကို အသုံးချလိုက်တယ်။
နှစ်ပေါင်း ၄၁ နှစ် လှုပ်ရှား လုပ်စားခဲ့ရတဲ့ ခံစားမှုနဲ့ အတွေးကို ဖြတ်ပစ်ရတဲ့ အလုပ်ပဲ။
အလုပ်သဘောအရ အတွေးနဲ့ခံစားမှုက အစွဲဖြစ်နေတာကို ကိုယ်တိုင် သတိမထားဖြစ်ခဲ့တာ။