ပေါ်ပင်လိုက်သောစိတ်
- အဖြူရောင်ကို လူကြိုက်များနေပြီဟေ့! ဆိုတဲ့အသံတစ်ခုကို သဲ့သဲ့ကြားတာနဲ့ စွဲစွဲလမ်းလမ်း ၀တ်ထားတဲ့ အနက်ရောင်ကိုစွန့်ပြီး အဖြူရောင် ချက်ချင်းပြောင်းလိုက်တယ်။ ခုခေတ်စားနေတာ အနီရောင်ဖြစ်နေပြန်ပြီဟေ့! ဆိုရင်လည်း အမြန်ဆုံး နီလိုက်တယ်။ အနီရောင်ကို မိမိအနေနဲ့ ကြိုက်ကြိုက် မကြိုက်ကြိုက် အဓိကအနေနဲ့ ခေတ်နဲ့အညီ မိမိလည်း ပါဝင် စီးမျောနေတယ်ဆိုတာ လူအများ သိစေချင်တဲ့ ပေါ်ပင်လိုက်သောစိတ်။
ပေါ်လွင်ထင်ရှားစိတ်
- စိတ်ကိုမှီပြီး ခြယ်လှယ်တဲ့ စေတသိက်တွေ ဖြစ်ခွင့်ရပြီဆိုတာနဲ့ အမှားလုပ်ရမှာ မရှက်တဲ့စိတ်၊ မကြောက်တဲ့စိတ်၊ ပျံ့လွင့်တဲ့စိတ်၊ လိုချင်တပ်မက်တဲ့စိတ်၊ ဘ၀မြင့်တဲ့စိတ်၊ ခက်ထန်ကြမ်းတမ်းတဲ့စိတ်၊ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ်၊ ထိုင်းထိုင်းမှိုင်းမှိုင်းစိတ်၊ ခံစားတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်းတဲ့စိတ်၊ တည်ငြိမ်တဲ့စိတ်၊ ကြိုးစားအားထုတ်တဲ့စိတ်၊ နှစ်သက်အားရတဲ့စိတ် စတဲ့ စိတ် စေတသိက်တွေရဲ့ ဖြစ်ပြမှုတွေဟာ ထင်ရှားပေါ်လွင်လာတယ်။ အထင်ရှားဆုံး၊ အသိသာဆုံး၊ ပေါ်လွင်တာကတော့ လောဘစိတ်နဲ့ ဒေါသစိတ်ပဲ။
ပံ့ပိုးကူညီစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ပိုးထိုးလောက်ကိုက်စိတ်
- သစ်သီးတစ်လုံးဟာ ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး ပိုးထိုးလောက်တွယ်နေတယ်ဆိုရင် ရောဂါဖြစ်မှာစိုးလို့ ရွံလို့ မစားတော့ဘဲ လွှင့်ပစ်လိုက်ကြတယ်။ သိစရာရှိတာတွေထဲက သိသင့်တာကို သိအောင်မလုပ်ဘဲ မသိတဲ့လူတစ်ယောက် အနေနဲ့ အသက်ရှင်နေတယ်ဆိုရင် ဒီလူဟာ လူတော့လူပဲ၊ ဒါပေမယ့် ကျီးအာသီးလို စိတ်အတွင်းထဲမှာ ဘာအသိဉာဏ်မှ မရှိဘဲ ပိုးထိုးလောက်ကိုက်စိတ်နဲ့ အသက်ရှင်နေတဲ့လူ။
ပိုးလိုးပက်လက်စိတ်
- စိတ်ကိုအမှီပြုပြီး အသက်ရှင်ရပ်တည်လှုပ်ရှားနေကြရတဲ့ လူသားတွေအတွက် သုံးမရအောင် ပိုးစိုးပက်စက် ပျက်စီးနေတဲ့ စိတ်မျိုးဖြစ်နေရင် လူတွေကြားထဲ ဘယ်လိုပုံစံနဲ့ ၀င်တိုးမလဲ? စဉ်းစားရင် ကြာနေမယ်။ ကဲ! ချက်ချင်းပြင်မယ်! ဖြစ်ပြီးတာတွေအကုန် မေ့ပစ်လိုက်။ မဖြစ်သေးတာတွေ စိတ်ကူးယဉ်မနေနဲ့တော့။ လက်ရှိပစ္စုပ္ပန်အချိန်မှာ စိတ်ကို တည့်တည့်ထားပြီး ပိုးလိုးပက်လက်လန်နေတဲ့ စိတ်တွေကို ပြန်ထူထောင်မယ်။ အသိနဲ့သတိနဲ့ စေတနာ စေတသိက်တွေရဲ့ အကူအညီတွေယူမယ်။ ရအောင်ပြင်မယ်။ ပျက်အစဉ် ပြင်ခဏတဲ့။
ပက်စက်စိတ်
- လူ့အဖွဲ့အစည်းထဲက လူသားအများစုမှာ ရှိနေကျစိတ်တွေထက် အဆပေါင်းများစွာ ကျော်လွန်ပြီး ရက်စက်ယုတ်မာတဲ့ အဆင့်ကို ရောက်နေတဲ့ စိတ်အဆင့်။
ပေါက်ကွဲစိတ်
- ထိန်းချုပ်လို့ မရတော့တဲ့အထိ ခံစားမှုအရှိန် အမြင့်ဆုံးအဆင့်ကို ကျော်လွန်သွားပြီဆိုတော့ ပေါက်ကွဲစိတ်အဖြစ် ထုတ်ဖော်ပြဖို့ အနေအထား ဖြစ်သွားတယ်။
ပေါက်ပေါက်ရှာရှာစိတ်
- အုန်းသီးထဲက ရေတွေ ဘယ်သူထည့်ထားတာလဲ? ညအချိန်မှာ တိမ်တွေဟာ ဘယ်နေရာမှာ သွားနေနေကြလဲ? ပင်လယ်သမုဒ္ဒရာ အောက်ဆုံးကြမ်းပြင်လွှာရဲ့ မြေကြီးအောက်မှာရော ဘာတွေရှိနေလဲ? နေဆိုတာ ဘာဖြစ်လို့ အနောက်က မထွက်တာလဲ? ပစ္စည်းတစ်ခု အပေါ်ကို ပစ်တင်လိုက်ရင် အောက်ကိုပြန်ကျတာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့်ဆိုရင် အဲဒီဆွဲငင်အားက ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာမှာ ရှိနေတာလဲ? လူတစ်ယောက် အသက်ထွက်ရင် သေပြီဆိုတော့ အဲဒီအသက်က အသက်ရှင်နေတဲ့အချိန်မှာ ဘယ်နေရာမှာ ရှိနေတာလဲ? (ပေါက်ပေါက်ရှာရှာစိတ်ရဲ့ ပေါက်ပေါက်ရှာရှာ တွေးတဲ့အဆင့်ကို ရောက်သွားတဲ့ ပေါက်ပေါက်ရှာရှာစိတ်။)