နောက်လိုက်စိတ်
- ရှေ့ကသွားနေတဲ့ လူရဲ့နောက်က လိုက်ရတာ အန္တရာယ်ကင်းတယ်။ တာဝန်ယူရတာတွေ ဘာတွေမရှိဘူး။ အလုပ်မရှုပ်ဘူး။ ပြဿနာ တစ်စုံတစ်ရာဖြစ်ရင် ရှေ့ကလူပဲ ရှင်းရတာ။ နောက်ကလိုက်တဲ့လူက မပင်ပန်းဘူး။ ဒုက္ခခံစရာမလိုဘူး။ အနစ်နာခံစရာမလိုဘူး။ ကိုယ်ကျိုးတွေ ဘာတွေ စွန့်စရာမလိုဘူး။ နောက်ကလိုက်တဲ့လူက သက်သာတယ်။ ချောင်တယ်ဆိုတဲ့ နောက်လိုက်စိတ်။
နင့်ခနဲခံစားသွားရသောစိတ်
- ခံစားမှုနဲ့ပတ်သက်ပြီး ခံစားသင့်တာထက် ပိုပြီး လွန်လွန်ကဲကဲ ခံစားလိုက်လို့ အရှိန်ပြင်းထန်သွားတဲ့ စိတ်အဆင့်။
နောင်ကြဉ်စိတ်
- ဘယ်လိုမှ မျှော်လင့်မထားတဲ့အချိန်မှာ ရုတ်တရက် ထဖြစ်လိုက်တဲ့ ပြဿနာတစ်ခုဟာ ဘ၀တစ်ခုလုံးကို ဘယ်လိုမှမေ့လို့ မရအောင် ကမောက်ကမတွေ ဖြစ်သွားစေတယ်။ ဒီလောက်အရှိန်ပြင်းလွန်းစွာနဲ့ ဘ၀ကို အပြောင်းအလဲ ဖြစ်သွားစေတာဟာ တစ်သက်စာ သင်ခန်းစာပဲ။ ဘာ့ကြောင့် ဒီလိုဖြစ်သွားတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်တော့ သတိလွတ်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေ မရှိခဲ့လို့ပဲ။ ဖြစ်ချင်ရာ ဖြစ်နေတတ်တဲ့သဘာဝ သဘောတရားကို သတိမထားမိလို့ပဲ။ ဆိုတော့ နောင်အခါမှာ ဒီလို အဖြစ်ဆိုးတွေ မဖြစ်အောင် တစ်သက်စာ သတိထားပြီး ကြိုတင်ပြင်ဆင်မှုတွေနဲ့ နေတော့မယ်လို့ အဖြေထွက်သွားတာဟာ နောင်ကြဉ်စိတ်။
နောင်တရသောစိတ်
- ပြုလုပ်ခဲ့မိတဲ့ အပြုအမူ အဖြစ်အပျက်ကို ပြန်စဉ်းစားပြီး စိတ်မသက်မသာဖြစ်တဲ့စိတ်။ မသိလို့ လုပ်ခဲ့တာပဲဖြစ်ဖြစ်၊ သိပြီးတော့ လုပ်ခဲ့တာပဲဖြစ်ဖြစ်၊ ဖြစ်ပြီးသွားပြီ။ ပြန်ပြင်လို့မရတော့ဘူး။ ပြန်လည်း မရတော့ဘူး။ ဖြစ်ပြီးတာတွေ ပြန်စဉ်းစားပြီး နောင်တရတာမျိုးက နှစ်ခါ ရှုံးတယ်။ ပြုလုပ်ခဲ့မိတဲ့ အချိန်တုန်းက တစ်ခါ၊ လက်ရှိအချိန်မှာ ပြန်စဉ်းစားနေလို့ လက်ရှိအချိန်တွေ ဆုံးရှုံးနေတာက တစ်ခါဆိုတော့ နောင်တ မရချင်ရင် ဘာပဲလုပ်လုပ် စဉ်းစား။ ထောင့်အမျိုးမျိုးကစဉ်းစား။ လုပ်သင့်ရင် လုပ်၊ မလုပ်သင့်ရင် ဘာ့ကြောင့်ပဲဖြစ်ဖြစ် မလုပ်နဲ့။ လုပ်ပြီးရင်တော့ နောင်တမရနဲ့။
နိုင်ထက်စီးနင်းစိတ်
- ကိုယ်ပိုင်အရည်အချင်း မရှိတဲ့သူတွေ အလွယ်တကူထုတ်သုံးတဲ့စိတ်။ ကြောက်တတ်တဲ့သူကို ဖြဲခြောက်မယ်။ တုတ်တွေ ဓားတွေပြပြီး လိုချင်တာကို ဓားပြတိုက်သလို အနိုင်ကျင့်ပြီးယူတဲ့စိတ်။
နိုင်ရာစားစိတ်
- အင်အားကြီးတဲ့သူတွေက အင်အားသေးတဲ့သူကို အနိုင်ယူတယ်ဆိုတာ ကမ္ဘာကြီးစတင် ဖြစ်တည်ပေါ်ပေါက်လာတည်းက သဘာဝဖြစ်နေတဲ့ အနိုင်ကျင့်စိတ်။
နစ်နာဆုံးရှုံးစိတ်
- ရရှိတဲ့အခွင့်အရေးတစ်ခုကို အသုံးမချမိလို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စိတ်အရှုံး။ ရခဲလွန်းတဲ့ စွမ်းအားရှင် လူ့ဘ၀တစ်ခုကို ရခဲ့လျက်နဲ့ သိစရာရှိတာတွေထဲက သိကိုသိရမှာတွေကို သိအောင်မလုပ်နိုင်ခဲ့တာတွေ၊ ဒုက္ခထဲက လွတ်အောင် ရုန်းထွက်နိုင်တာ လူ့ဘ၀မှာပဲ ရှိတယ်ဆိုတာကို သိအောင် မလုပ်ခဲ့တာတွေ၊ လူ့ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးမချဘဲ သာမန်လူတွေလိုနေပြီး သူလိုကိုယ်လို မွေး၊ သူလိုကိုယ်လို သေ၊ သင်္ချိုင်းထဲကို သာမန်လူသေအလောင်း တစ်လောင်း အဖြစ် အဆုံးသတ်သွားတာဟာ အရှုံးတကာ့ အရှုံးထဲမှာ အကြီးကျယ်ဆုံး လူဖြစ်ရှုံးခဲ့ရတဲ့ အရှုံးကို ဖြစ်စေတဲ့ နစ်နာဆုံးရှုံး စိတ်ပဲ။