နောက်ကျိစိတ်
- သိချင်တဲ့အဖြေတစ်ခုကို မရမချင်း ဦးနှောက်ကို အလုပ်ပေးပြီး လုပ်ခိုင်းတာများသွားတော့ ဦးနှောက်နဲ့ အာရုံကြောတွေ ညောင်းပြီး အလုပ်သိပ်မလုပ်နိုင်တော့ဘူး။ အသိနဲ့သတိပါ အားနည်းနေတဲ့အချိန်မှာ စိတ်ထဲဝင်ဖို့ချောင်းနေတဲ့ အာရုံတွေဟာ စုပြုံဝင် လာပြီး ထပ်ဆင့် စဉ်းစားစရာတွေ တစ်ခုပြီးတစ်ခု ထုတ်ပြကြတယ်။ မူလရှာဖွေနေတဲ့ အဖြေမထွက်ခင် နောက်ထပ် အာရုံတွေကိုပါ လက်ခံပြီး စဉ်းစားပေးရတော့ ရောထွေးပြီး အာရုံနောက်ကျုသွားတဲ့ စိတ်အနေအထား။
နောက်ဆံတင်းစိတ်
- အစွဲအလမ်းဖြစ်နေတဲ့ စိတ်အမျိုးအစားတစ်ခုပဲ။ ‘ အလုပ်သမားတွေနဲ့ လွှဲထားခဲ့ရတာ စိတ်မချပါဘူး ’ အဲဒီစိတ်မချပါဘူး ဆိုတာ လွှဲထားခဲ့တဲ့အလုပ်ကို အစွဲအလမ်းဖြစ်နေလို့ပဲ။ “ မထွက်မဖြစ်လို့သာ ထွက်လာခဲ့ရတာ အိမ်ကဟာတွေ ဘာတွေဖြစ်ကျန်ခဲ့မယ် မသိပါဘူး ” အဲဒီအိမ်ကဟာတွေ ဘာတွေဖြစ်ကျန်ခဲ့မယ် မသိဘူးဆိုတာ အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို စွဲလမ်းငြိတွယ်နေလို့ပဲ။ တချို့လူတွေ သေသာသွားတယ်။ နောက်ကြောင်းမအေးဘူး။ ငါမရှိရင် မဖြစ်ပါဘူးဆိုတာတွေဟာ အစွဲငြိနေတဲ့ နောက်ဆံတင်းစိတ်တွေပဲ။ (ဖြတ်လိုက်ပါ။ ငါမရှိလည်း သူ့နည်းသူ့ဟန် သူ့အသိနဲ့ချီတက်လာခဲ့ကြတာ ဒီနေ့ ဒီအချိန်ထိ ရောက်ရှိလာတာဟာ ငါမရှိလည်း ဖြစ်ပါတယ်ဆိုတဲ့ အထင်ရှားဆုံး သက်သေပဲ။ ရှေ့ကလူတွေ နောက်ဆံတင်းတယ် ဆိုတာကလည်း သူတို့လောက် မလုပ်နိုင်မှာကို စိုးရိမ်စိတ်ပူတဲ့ သဘောပါပဲ။ လောကကြီးကို နောက်လူအသစ်တွေ လက်ထဲမှာ စိတ်ချလက်ချ ထားရစ်ခဲ့ချင်တာ ရှေ့ကလူတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒပဲ။ ရှေ့ကလူတွေရဲ့ နောက်ဆံတင်းစိတ်ကို သဘောပေါက်ပေးပြီး နောက်ကလူတွေက သူတို့မသေခင် မိမိတို့ရဲ့ စိတ်အစွမ်း အသိသတိအစွမ်းတွေ ထုတ်ပြနိုင်အောင် ကြိုးစားပါ။)
နောက်ဆုတ်ထားသောစိတ်
- ဘ၀တစ်လျှောက် လှမ်းခဲ့တဲ့ သမားရိုးကျခြေလှမ်းဟောင်းတွေကို အားမရတော့လို့ ရှေ့ကိုလှမ်းခုန်နိုင်အောင် အရှိန်ယူ ပြင်ဆင်လိုက်တဲ့သဘော။ စိတ်ထဲကို ၀င်လာတဲ့ စိတ်အစဉ်တွေနဲ့ ရောမျောပြီး ပါမသွားချင်လို့ နောက်ဆုတ်ပြီး စိတ်ဖြစ်စဉ်ရဲ့ သဘောကို စောင့်ကြည့်တဲ့သဘော။ ၀င်လာသမျှ အာရုံတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ နောက်ဆုတ်ပြီး သိရုံ သိကြည့်နေတဲ့သဘော။ နောက်ဆုတ်တာ ကြောက်လို့မဟုတ်ဘူး။ ရှေ့ကို လှမ်းခုန်ဖို့ ပြင်ဆင်တာ။
နောက်တီးနောက်တောက်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
နောက်ယောင်ခံစိတ်
- စိတ်ကို စောင့်ကြည့်သိမှတ်တဲ့လေ့ကျင့်ခန်းကို စတင်လေ့ကျင့်သူတွေအတွက် အလွယ်တကူ နားလည်နိုင်တဲ့ စိတ်အကြောင်းပဲ။ စိတ်ထဲကို ၀င်လာတဲ့စိတ်ကို နောက်ယောင်ခံလိုက်ကြည့်ရင်း စိတ်ရဲ့ဖြစ်ပြတဲ့ ခံစားမှုမျိုးစုံဟာ ၀င်ခွင့်ရလို့ ဖြစ်ပြသွားတာပဲဆိုတာ သိခွင့်ရသွားတယ်။ ဖြစ်ပေါ်လာသမျှ စိတ်တိုင်းဟာ ချက်ချင်းပျက်တဲ့ သဘောရှိတယ်ဆိုတာကို နောက်ယောင်ခံစိတ်ကြောင့် သိနိုင်တယ်။