နောကျေစိတ်
- အာရုံခြောက်ပါးနဲ့ စိတ် စေတသိက်တွေကြောင့် စိတ်ပေါင်းများစွာဟာ ဘယ်လိုပုံစံနဲ့ ဘယ်လောက်ပဲပေါ်လာပေါ်လာ၊ အ၀င် အထွက်တွေ ဘယ်လောက်ပဲများများ၊ တစ်ကြိမ်မှာ တစ်ခုတည်းပဲ ၀င်ခွင့်ရှိတဲ့ စိတ်ကိုသာနိုင်အောင် ထိန်းချုပ်နိုင်ဖို့ပဲ လိုတယ် ဆိုတဲ့သဘောကို သိနေတဲ့ နောကျေစိတ်။ ဘယ်လိုစိတ်ပဲဖြစ်ဖြစ် ဖဿဆိုတဲ့ ထိတွေ့ခွင့်ရလိုက်လို့သာ နောက်ထပ် စိတ်တစ်ခုအဖြစ် ထပ်ဆင့် ဖြစ်ခွင့်ရတာကို သိနေတဲ့ နောကျေစိတ်။ ဖဿရဲ့ထိတွေ့ချက်ကြောင့် စိတ်မှာ လှုပ်ရှားသွားတဲ့သဘောကို သိပြီး အဲဒီထိတွေ့တဲ့ တစ်ခုတည်းသော စိတ်ကိုသာ အဆက်မပြတ် စောင့်ကြည့်သိမှတ်ပြီး ဖယ်ရှားနိုင်နေရင် ခံစားစိတ်ဆိုတဲ့အဆင့်ကို မရောက်နိုင်တော့ဘူးလို့ သိနေတဲ့ နောကျေစိတ်။ စိတ်ကို ခြယ်လှယ်တတ်တဲ့ စေတသိက်တွေထဲက အဓိကတွေဖြစ်တဲ့ ဖဿ၊ ဝေဒနာ၊ မောဟ၊ စေတနာ၊ လောဘ၊ ဒေါသ၊ တဏှာ၊ စေတသိက်တွေကို ဖြစ်ခွင့်မရအောင် စောင့်ကြည့်သိမှတ်တဲ့နေရာမှာ စေတနာစေတသိက်ကို မိမိရဲ့ အသိနဲ့သတိကြားထဲမှာ ထားပြီး အသုံးချမှ ဖြစ်မယ်ဆိုတာကို သိနေတဲ့ နောကျေစိတ်။ စိတ်သဘာဝရဲ့ သဘောတရားတွေကို သဘောပေါက်နေတဲ့ နောကျေစိတ်နဲ့ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သိကျင့်နိုင်နေရင်တော့ နောကျေစိတ်ဟာ မိမိရဲ့သိကျင့်မှုစွမ်းအားကို အထောက်အကူပေးမှာ လုံးဝသေချာတဲ့ နောကျေစိတ်။
နိုးနိုးကြားကြားစိတ်
- စိတ်ဆိုတာကလည်း ဖြစ်ပေါ်လာစရာဆိုလို့ အာရုံခြောက်ပါးပဲရှိတယ်။ ဒါပေမယ့် မိမိရဲ့အာရုံခြောက်ပါး၊ မိမိရဲ့ခန္ဓာငါးပါးကနေ ထပ်ဆင့်ပွားလာတဲ့ ကာမဂုဏ်အာရုံတွေ၊ သူတစ်ပါးရဲ့ အာရုံခြောက်ပါး ခန္ဓာငါးပါးကနေ ထပ်ဆင့်ပွားလာတဲ့ ကာမဂုဏ် အာရုံတွေ၊ ပူးပေါင်းတွေ့ဆုံသွားတဲ့အခါမှာတော့ နာမည်ပေါင်းများစွာနဲ့ စိတ်အမျိုးအစားတွေဟာ ကကြီးအက္ခရာကနေ အအက္ခရာ အထိ ပေါ်ထွက်လာတော့တယ်။ စိတ်အမျိုးအစား ဘယ်လောက်များများ အ၀င်အထွက် ခြောက်ပေါက်မှာ နောကျေနေတဲ့ သတိစိတ်နဲ့ စောင့်ကြည့်သိမှတ်နေရင် မိမိစိတ်က နိုးနိုးကြားကြား ဖြစ်နေမှာပဲ။
နက်နဲသောစိတ်
- www.athithedi.com တစ်ခုလုံးကိုလေ့လာကြည့်ရင် စိတ်ရဲ့ နက်နဲမှုတွေဟာ အံ့သြစရာကောင်းလွန်းအောင် ကျယ်ပြန့်နေတာကို သိသွားနိုင်ပါတယ်။ အဲဒီသိသွားနိုင်တယ်ဆိုတာကလည်း စိတ်ဝင်စားမှု စူးနစ်နေမှသာ စိတ်တွေရဲ့ နက်နဲမှုကို သိကြည့်လို့ရမှာ။ သိကြည့်ပါ။ (သိစရာတွေထဲက သိသင့်တာတွေ သိလာလိမ့်မယ်ဆိုတာ သေချာပါတယ်။)
နောက်ကျစိတ်
- စိတ်ရဲ့သဘာဝကိုက ဘယ်လိုပဲသိသိ သိမှုက နောက်ကျနေတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သိစရာက ဖြစ်ပြမှ သိလို့ ရတာဆိုတော့ သိစရာကို သိပေးနေတဲ့အချိန်မှာ သိစရာက ဖြစ်တယ်ဆိုတာနဲ့ ဖြစ်ပြီးသွားပြီ။ ဖြစ်ပြပြီးမှ သိလို့ရတဲ့အသိဟာ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျနေတယ်။ သိမှတ်မှု နောက်ကျတာမျိုး မဖြစ်စေချင်ရင် အာရုံခြောက်ပါးကြောင့် ၀င်လာသမျှ စိတ်တွေထဲမှာ ခံစားမှုတစ်ခုစီ ပါလာတတ်တဲ့သဘောကို ကြိုတင်သဘောပေါက်ပြီး ဖဿအဆင့်မှာတင် ထိတာနဲ့ဖြတ်။ ကြားဖြတ်စိတ် လုံးဝမ၀င်နိုင်အောင် စောင့်ကြည့်သိမှတ် ဖယ်ရှားထုတ်ပစ်။ အချိန်နဲ့တစ်ပြေးညီ သိမှတ်နေ။ ဒါဆိုရင်. . . သိစရာရှိတာတွေ ထပ်သိလာတဲ့ အသိဟာ နောက်ကျသိ မဟုတ်ဘဲ ကြိုတင်သိထားတာတွေကို ကြိုတင်သိတဲ့အတိုင်း ဖြစ်မှုတွေကို တစ်ချိန်တည်း သိနေတဲ့ အသိ ဖြစ်နေရော။