လူညွန့်တုံးအောင် ဖျက်ဆီးသောစိတ်
- လူငယ်ဆိုတာ လူ့လောကအတွက် အင်အားအသစ်ပဲ။ လောကအကျိုးအတွက် အလုပ်တွေလုပ်ပြဖို့ ထက်သန်တက်ကြွပြီး စိတ်အသစ်၊ စွမ်းအားအသစ်၊ အားမာန်အသစ်တွေနဲ့ အဆင်သင့်ဖြစ်နေကြတယ်။ သူတို့ရဲ့ အစွမ်းအစကို ထုတ်ဖော် ပြချင်နေကြတယ်။ အဲဒီလို တက်ကြွနေတဲ့ လူငယ်တွေရဲ့ အားမာန်ကို ထိုက်တန်တဲ့ နေရာတွေမှာ အသုံးမချဘဲ မိမိကိုယ်ကျိုးအတွက် လူငယ်တွေရဲ့ တက်ကြွတဲ့ အားသစ်တွေကို ရိုက်ချိုးဖျက်ဆီးသလို ဖိနှိပ် အနိုင်ကျင့်နေကြတာဟာ လူညွန့်တုံးအောင် ဖျက်ဆီးတဲ့ အလွန်ယုတ်မာတဲ့ စိတ်အမျိုးအစားပဲ။
(ဥပမာ - လူကုန်ကူးတဲ့နေရာတွေမှာ အသုံးချခံနေရလို့ ဘ၀ရည်မှန်းချက်တွေ ပျက်စီးခဲ့ရတဲ့ လူငယ်တွေ၊ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ သားကောင်ဖြစ်သွားရလို့ ဘ၀မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရတဲ့ လူငယ်တွေ။)
လူတော်လူကောင်းစိတ်
- တော်လည်း တော်တယ်။ ကောင်းလည်း ကောင်းတဲ့ လူတော်လူကောင်း စိတ်အမျိုးအစား။ တချို့က တော်ပေမယ့် မကောင်းဘူး။ တချို့ကျတော့လည်း ကောင်းပေမယ့် မတော်ဘူး။ လူတော်လူကောင်းစိတ်က လူတွေထဲမှာ ရှားတယ်။
လူတွင်ကျယ်စိတ်
- နေရာတကာမှာ သူတတ်တယ်၊ သူအကုန်သိတယ်။ ဟိုနေရာလည်းပါ၊ ဒီနေရာလည်းပါ။ ဟိုစပ်စပ်၊ ဒီစပ်စပ်၊ ဆရာ တစ်ယောက်ရဲ့ အရည်အချင်း အထိမရှိပေမယ့် ဆရာလုပ်ချင်တဲ့သူရဲ့ စိတ်အမျိုးအစား။
လူပီသသောစိတ်
- လူဆိုတာ လူထဲကလူ ဖြစ်နေတော့ ချမ်းသာတာ၊ ဆင်းရဲတာ၊ ပြည့်စုံတာ၊ မပြည့်စုံတာ၊ ပညာတတ်တာ၊ မတတ်တာ၊ သူ့ အကြောင်းနဲ့သူ။ မိမိရဲ့ စွမ်းအားအရည်အချင်းဟာ ဘယ်လောက်အတိုင်းအတာထိ ရှိလဲ? မိမိအရည်အချင်းကို မိမိသိပြီး မိမိစွမ်းအား ရှိသလောက်၊ ဉာဏ်အားရှိသလောက်၊ မိမိအကျိုး၊ သူတစ်ပါးအကျိုး၊ အညီအမျှလုပ်။ အလုပ်လုပ်နေတဲ့အချိန်မှာ လိုချင်နေတဲ့စိတ်တွေ ဖျောက်။ စွဲလမ်းနေတဲ့စိတ်တွေ ဖယ်ထုတ်။ သေစရာရှိရင် သေပေးလိုက်။ အသက်ရှင်နေချိန်လေးမှာ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ခဲ့နဲ့။ ဒါဆိုရင် လူပီသပြီ။ တစ်ခုတော့ရှိတယ်။ မိမိစွမ်းအားရှိသလောက် လုပ်နေတာကို မိမိလို မလုပ်နိုင်တဲ့သူက မနာလိုဖြစ်နေတယ်ဆိုတာကတော့ မိမိနဲ့ မဆိုင်ဘူး။ မနာလိုဖြစ်နေတဲ့သူရဲ့ အခွင့်အရေးပဲ။ သူ့ကြောင့်တော့ မြင့်မြတ်ပြီး လူပီသနေတဲ့ မိမိစိတ်ကို အပွန်းအရှ မခံသင့်ဘူး။
လူပေလူတေစိတ်
- ဒီစိတ်အမျိုးအစားက လူဆိုးလူမိုက်တွေဆီမှာ ရှိတဲ့စိတ်မျိုး မဟုတ်ဘူး။ ရည်မှန်းချက် ကြီးကြီးမားမား မရှိဘဲ ကြုံသလိုနေ၊ ကြုံသလိုစား၊ ရောက်တဲ့အရပ်မှာ ကြုံသလို လုပ်ကိုင်စားသောက် နေထိုင်လှုပ်ရှားတတ်တဲ့ စိတ်အမျိုးအစား။
လူပေါ်ကြော့စိတ်
- မိဘရဲ့ချမ်းသာပြည့်စုံတဲ့အရှိန်ကြောင့် ပင်ပင်ပန်းပန်းနဲ့ ဘာကိုမှ မည်မည်ရရ မလုပ်ခဲ့ဖူးတော့ မသိတတ်တဲ့စိတ်က အကျင့်ပါပြီး လူတွေကြားထဲမှာ အံဝင်ခွင်ကျ မဖြစ်ဘဲ ထောင့်မကျိုးတဲ့ စိတ်ပုံစံ။
လူပေါ်လူဇော်လုပ်နိုင်သောစိတ်
- လူတွေထဲက လူတွေဟာ အတူတူပါပဲကွာ ဆိုပေမယ့်၊ နံပါတ်တစ်ဆိုတဲ့ နေရာကိုတော့ အရည်အချင်းရှိတဲ့ လူကသာရရှိတာပါ။ နံပါတ်တစ်အဆင့် ရရှိထားတဲ့သူက နံပါတ်တစ် ရရှိခြင်းအပေါ်မှာ သာယာကျေနပ်ခြင်းမရှိဘဲ အခြားသူတွေရဲ့ အားနည်းချက်တွေ လိုအပ်ချက်တွေကိုပါ သိတတ်တဲ့ စိတ်စေတနာနဲ့ လိုက်လံဖြည့်ဆည်းပေးတာတွေ၊ ကူညီတာတွေ၊ စာနာတာတွေ၊ ပြုလုပ်ပေးနေတဲ့ စိတ်အမျိုးအစားဟာ လူပေါ်လူဇော် ဖြစ်ခွင့်ရတဲ့ စိတ်အရည်အချင်းပဲ။
လူပေါင်းဆံ့သောစိတ်
- မိမိအကျိုးထက် သူတစ်ပါးအကျိုးကို ဦးစားပေးပြီး ပေါင်းသင်းဆက်ဆံခြင်းနည်းဟာ လူမှုရေးနယ်ပယ်မှာ အသုံးတည့်တဲ့ စိတ်အမျိုးအစားပါပဲ။