အတွေးကိုစွဲသွားသောစိတ်
- မိသားစု စားဝတ်နေရေးအတွက် စီးပွားဖြစ်လုပ်ခဲ့မိတဲ့ အလုပ်ကိုက အတွေးကို အခြေခံပြီး လုပ်ရတဲ့အလုပ်။ မြင်သမျှ၊ ကြားသမျှ၊ တွေ့ကြုံသမျှ၊ လူပေါင်းစုံရဲ့ ဘ၀အဖြစ်အပျက်တွေကို ဇာတ်လမ်းအဖြစ် ဖန်တီးပြီး မိမိမူရင်းစိတ်ကို ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်သွားအောင် အတွေးနဲ့ ပြောင်းပစ်လိုက်ရတယ်။ ဆိုတော့ အတွေးဆိုတာ လုပ်နေတဲ့အလုပ်ထဲမှာ မရှိမဖြစ် ကုန်ကြမ်း။ ဒီအတွေးတွေကို ကုန်ချောအဖြစ် အကောင်အထည်ဖော်ခဲ့ရတာ။ နှစ်ပေါင်း ၄၁နှစ်။ အလုပ်သဘောအရ လူတွေထဲမှာ အလုပ်ရဲ့သားကောင်အဖြစ် လူတွေကို ရှာဖွေရတယ်။ တွေ့သမျှလူကို လေ့လာ၊ မေးမြန်း။ ပြောသမျှ နားထောင် ခံစားပြီးတွေး။ ယောက်ျားနဲ့မိန်းမ နှစ်မျိုးတည်းရှိတဲ့ လူတွေရဲ့အကြောင်းကို ဇာတ်လမ်းတွေရေးပြီး ဖန်တီးခဲ့ရတာလည်း ထွက်လာတဲ့ အချိန်ထိ မကုန်ဘူး။ နှစ်ပေါင်း ၄၁နှစ်အတွင်း တွေ့သမျှ အဖြစ်အပျက် အကုန်လုံးဟာ မိမိရဲ့အတွေးထဲမှာ ဇာတ်လမ်းတွေဖြစ်ကုန်တယ်။ ဇာတ်ကောင်တွေဖြစ်ကုန်တယ်။ အတွေးတစ်ခု ရလိုက်ပြီဆိုတာနဲ့ ဇာတ်သိမ်းအထိ တွေးရတာ အလုပ်ဖြစ်နေတယ်။ ဇာတ်လမ်းရဲ့ စ၊ လယ်၊ ဆုံး ဖန်တီးနေရသူဆိုတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ ဇာတ်သိမ်းကို မိမိကပဲ ဖန်တီးပေးရတာ။ ဆိုတော့ ဇာတ်သိမ်းအထိတွေးတာ အကျင့်ပါလာတယ်။ တွေးလို့ရသလောက် ဇာတ်လမ်းထဲက ဇာတ်ကောင် အနေနဲ့ရော၊ အပြင်ကလူအနေနဲ့ပါ တွေးရတာ။ အပြင်မှာ လုပ်လို့မရတာတွေ၊ ပြောလို့မရတာတွေဟာ ဇာတ်လမ်းထဲ ထည့်ပစ်လိုက်တယ်။ သူတစ်ပါး အတွက်ရော၊ မိမိအတွက်ပါ ခံစားနေရသမျှ စိတ်ကို အဆုံးစွန်ထိ လွှတ်ပေးလိုက်မိတဲ့ အကြိမ်ပေါင်းဟာလည်း မရေတွက်နိုင်အောင် များလာတယ်။ အတွေးထဲမှာ လိုချင်တာတွေ၊ ဖောက်ပြန်ချင်တာတွေ၊ အကုန်လုံးကို စိတ်ကြိုက်ဖန်တီးပြီး အလွတ်လပ်ဆုံး တွေးရင်း တွေးရင်း မိမိတွေးနေတဲ့ အတွေးတွေကို စွဲမှန်းမသိ စွဲလာတယ်။ တွေးနေတဲ့အတွေးတွေရဲ့ အများစုဟာလည်း မိမိစိတ်ကို ရိုင်းသထက်ရိုင်းအောင် လှုံ့ဆော်တိုက်တွန်းပေးနေကြတယ်။ အလုပ်သဘောအရရော၊ တွေးရတာ ကြိုက်လို့ရော တွေးရင်းနဲ့ တွေးလာတာ။ နှစ်ပေါင်း ၄၁နှစ် ဆိုတော့ မိမိအတွေးကို မိမိစွဲနေတဲ့အဆင့်က တော်တော်ကို ကြီးထွားနေပြီဆိုတာ လူဘက်က ထွက်ပြီး ရဟန်းဘ၀ရောက်လာမှ ဒုက္ခဖြစ်မှန်း သိတော့တာ။ စိတ်ကို စောင့်ကြည့်သိမှတ်တဲ့နေရာမှာ အနှောင့်အယှက် အပေးဆုံးက အတွေးဖြစ်နေတယ်။ ခံစားမှုကိုကြိုက်ခဲ့တာ၊ အတွေးကို ကြိုက်ခဲ့တာတွေဟာ စိတ်ကိုစောင့်ကြည့် သိမှတ်တဲ့ စိတ်အလုပ်ကို သီးသီးသန့်သန့် လုပ်တော့မှ အကြီးဆုံးရန်သူ ဖြစ်နေတယ်။ မသေခင် တဏှာကင်းသောသူမှ ငြိမ်းအေးသောသူလို့ ငါဘုရား သတ်မှတ်တယ်ဆိုတဲ့ ပုရာဘေဒသုတ်တော်ထဲက စကားတော်ဟာ ရဟန်းဘ၀ရောက်လာမှ အဓိပ္ပာယ်ကို သေသေချာချာ သိတော့တယ်။ တဏှာဖြတ်ချင်ရင် မခံစားနဲ့တဲ့။ ခံစားတဲ့စိတ်အဆင့် မရောက်အောင် စိတ်ထဲကို တစ်စုံတစ်ရာ လာထိပြီဆိုရင် ဘာများလဲလို့ မတွေးနဲ့တဲ့။ အဲဒီစီရင်ချက်အမိန့်က ဘ၀မှာ စွန့်လွှတ်ခဲ့ပြီးသားတွေထဲက နောက်ထပ်အနှစ်တွေကို ထပ်ပြီး စွန့်လွှတ်ခိုင်းတဲ့ စီရင်ချက်ဖြစ်နေတယ်။ နှစ်ပေါင်း ၄၁နှစ်လုံးလုံး ခံစားမှုနဲ့ အတွေးကိုပဲ အဓိကထား၊ အာရုံတွေနှစ်ပြီး လှုပ်ရှားလာခဲ့တာကြီးကို ဖြစ်တဲ့နည်းနဲ့ စွန့်လွှတ်ရမှာတဲ့! ဒီဘက်နယ်မှာက ဒီနှစ်ခုဟာ ရန်သူစိတ်တွေတဲ့! ဖြတ်! တဲ့။ လူတစ်ယောက်အနေနဲ့ စိတ်ကိုလွှတ်ပြီး လူ့ခံစားမှု အကုန်လုံးကို အထိန်းအချုပ်မရှိ၊ အလွတ်လပ်ဆုံး ခံစားမှုတွေနဲ့၊ အစွန်းရောက်အတွေးတွေနဲ့ အပြင်းထန်ဆုံး၊ ပေါက်ကွဲလှုပ်ရှား၊ ဖောက်ပြန်ပြောင်းလဲခဲ့တာတွေဟာ အစွန်းရောက် အစွဲတွေနော်။ ဆိုတော့ ရအောင်ဖြတ်ရတယ်။ စိတ်ထဲမှာ မကုန်သေးဘဲ ကျန်နေသေးရင်လည်း မရှက်ဘူးလား! မကြောက်ဘူးလား! သေခါနီးနေပြီနော်! ဆိုတဲ့ မိမိကိုယ်မိမိ သတိပေးမှုတွေနဲ့ အလွန်အကျွံ စွဲနေတဲ့ အတွေးစွဲကို အမြစ်ပါမကျန် ဖြုတ်ချပစ်လိုက်ရတယ်။
အတွေးခေါင်သောစိတ်
- ရှင်းနေတာကို ရှုပ်သွားစေတာ ဒီခေါင်းစဉ်ရဲ့ စိတ်အမျိုးအစားပဲ။ အုန်းသီးထဲက ရေတွေကို ဘယ်သူ လာထည့်သွားတာလဲ? ပင်လယ်ရေဟာ ဘာ့ကြောင့် ငံနေတာလဲ? သံပုရာသီးက ဘာ့ကြောင့်ချဉ်နေတာလဲ? ဆိုတာတွေကို အဖြေထွက်သည် အထိ တွေးနေတတ်တဲ့ စိတ်အနေအထား။
အတွေးချော်နေသောစိတ်
- အရေးကြီးတဲ့ အစည်းဝေးက ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာလုပ်မယ် ဆိုတဲ့ ဖိတ်ကြားချက်အရ လေယာဉ်ပျံနဲ့သွားသွား၊ မီးရထားနဲ့သွားသွား၊ အဝေးပြေးကားနဲ့ သွားသွား၊ အချိန်မီရောက်ရင် တာဝန်ကျေတယ်။ သင်္ဘောနဲ့သွားလို့ လမ်းမှာသောင်တင်နေရင် အစည်းအဝေးက နောက်ကျမှာပေါ့လို့ တွေးတဲ့အတွေးကတော့ ဘေးချော်ထွက်နေတဲ့ စိတ်အတွေးပဲ။