(၁၂) ပီတိ

အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျခြင်းသဘော ပီတိ စေတသိက်

ပီတိ ရဲ့ နှစ်သက်အားရခြင်း၊ သဘောကျခြင်းဟာ ကောင်းတဲ့အရသာကို ခံစားတဲ့ သုခဝေဒနာလို ခံစားမှုမျိုး မဟုတ်ဘူး။

လိုချင်တောင့်တနေသူတွေအတွက် လိုချင်တာကို ရတဲ့အခါမှာ၊ မြင်တွေ့၊ ကြားသိရတဲ့အခါမှာ ဖြစ်တဲ့ နှစ်သက်မှု ပီတိ

မိမိရှာဖွေနေတဲ့ တရားအသိတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သိကျင့်ကြည့်လို့ ရသွားတဲ့အခါမှာ သိထားတာထက် ပိုပြီး လေးနက်ကျယ်ဝန်းနေတာကို ထပ်ဆင့် သဘောပေါက်ပြီး ကြက်သီးထသွားတဲ့အထိ ဖြစ်တဲ့ နှစ်သက်အားရတဲ့ ပီတိ

ဒါပေမယ့် အဲဒီ နှစ်သက်အားရ သဘောကျတဲ့ ပီတိ ဆိုတဲ့ စေတသိက်ဟာ စိတ်ကိုမှီပြီး ဖြစ်ရတဲ့ စေတသိက်ဆိုတော့

စိတ် စေတသိက်တွေရဲ့ သဘာဝအရ ခဏသာဖြစ်ပြခွင့် ရှိတာကို သတိရနေပြီး စွဲလမ်းခွင့် မရှိတာကိုပါ သိနေပါ။

တစ်ခါတလေ ပီတိ ပေါ်မှာအခြေခံပြီး အပြင်းအထန် နှစ်သက်ရာကနေ ၀မ်းမြောက် ၀မ်းသာ သောမနဿ ဝေဒနာအဆင့် ရောက်သွားတတ်တယ်။ အဲဒီသောမနဿ ဝေဒနာထဲမှာ တဏှာ နည်းနည်းပါနေတာ သိထားပါ။

တရားအားထုတ်တဲ့နေရာမှာလည်း စောင့်ကြည့်သိမှတ်အားတွေ ကောင်းလွန်းနေရင် အားထုတ်နိုင်မှုအပေါ်မှာ ပီတိ စိတ်စေတသိက်က သာယာကျေနပ်တဲ့ဘက်ကို ဆွဲဆောင်ခေါ်သွားတတ်တာကို သတိထားပါ။

မြင့်မြတ်တဲ့ ပီတိ အဖြစ် ဖြစ်ခွင့်ရှိပေမယ့် ဘ၀ပြတ်ချင်တဲ့ အားထုတ်နေသူတွေအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်က ကိုယ်ကျင့်နေတဲ့တရားကိုတောင် စွဲလမ်းခွင့် မရှိဘူးတဲ့။

(တစ်ဖက်သား သဘောတူခွင့်ပြုချက်မပါဘဲ မတရားအနိုင်ကျင့် သိမ်းပိုက်ပြီး ရတဲ့အပေါ်မှာ ပီတိဖြစ်တယ် ဆိုတာကတော့ ပီတိအစစ်ရဲ့ ဂုဏ်သိက္ခာကို အားနာဖို့ကောင်းပါတယ်။)