နေဦး! သေခြင်းရဲ့ ရှိခြင်းကို မဆက်ခင် အာရုံထဲမှာ မေးစရာတွေ ပေါ်လာတယ်။

မေး။ ။ မရှိခြင်းဆိုတာကျတော့ အမြဲရှိနေတယ်ဆိုပြီး၊ ရှိခြင်းကျတော့ အမြဲမရှိဘူးဆိုရင်၊ အသိဉာဏ် ရှိခြင်း သဘောအနေနဲ့ရော အမြဲရှိနေတာမျိုး မရှိသင့်ဘူးလား?
ဖြေ။ ။ အဆက်မပြတ် အားထုတ်နိုင်ရင်တော့ သိမှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် သိနိုင်တာမျိုးတော့ ရှိတယ်။ ဒါပေမယ့် သိတဲ့ အသိက တစ်ခုတည်း မဟုတ်ဘူး။ သိနေတဲ့ အသိတွေ တစ်ခုပြီး တစ်ခု ဆက်နေတာ။ သိပြီးသွားတဲ့ အသိတွေက တစ်ခုပြီးတစ်ခု ပျက်နေတယ်။
 

မှတ်သားစိတ်၊ သိတဲ့စိတ်က တစ်ဆင့်

အသိ - သတိ အဖြစ်ပြောင်းရွှေ့သွားတယ်။ သိခွင့်ခဏလေး ရှိပြီးတာနဲ့

ချက်ချင်း မရှိတော့ဘဲ နောက်ထပ် အသိသစ်တစ်ခု ဆက်ပြီးဝင်လာတယ်။

အသိတွေ အဆက်မပြတ်ရှိနေဖို့ သတိထားပြီး ဆက်တိုက်ကို လေ့ကျင့်နေမှ ဖြစ်မယ်။

မေး။ ။ လူဖြစ်ခွင့်ရပြီး ရှိခြင်းရဲ့ ခဏလေးကိုသာ ကျေနပ် လက်ခံနိုင်ခွင့်ရမယ်ဆိုရင် အသိဉာဏ်ရှိလည်း တန်ဖိုးမရှိသလို ဖြစ်မနေဘူးလား?
ဖြေ။ ။ ဒီလိုလေ! အသိဉာဏ်ရှိအောင် လုပ်တယ်ဆိုတာ သဘာဝတရားတွေရဲ့ မရှိခြင်းနဲ့ အဆုံးသတ်နေတာတွေကို ထဲထဲ ၀င်ဝင် စူးစူးနစ်နစ် သိအောင် အားထုတ်ရတာ။ သိတာကို ခံစားပြီး ကျေနပ်ဖို့ မဟုတ်ဘူး။ သိတာတွေကို ငါပိုင်ပြီလို့ စွဲလမ်းခွင့် မရှိဘူး။
မေး။ ။ ရှိခြင်းကို ရှိအောင်လုပ်လို့မရဘူးဆိုရင် လူဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်က ဘယ်လိုမျိုးဖြစ်သွားမလဲ?
ဖြေ။ ။ ဟုတ်ပြီ! စောင့်ကြည့်သိမှတ် အားထုတ်တဲ့ လမ်းကြောင်းဘက်က ပြောရရင် လူဖြစ်လာခြင်းကိုက ဒုက္ခတွေနဲ့တွေ့ဖို့ပဲ။
မေး။ ။ လူဖြစ်လာတာ ဒုက္ခဖြစ်တယ်ဆိုတော့ အဲဒီဒုက္ခထဲက ဘယ်လိုရုန်းထွက်မလဲ?
ဖြေ။ ။ အားထုတ်ရမှာပေါ့! လူဖြစ်ခြင်းရဲ့ တစ်ခုတည်းသော အမြတ်က ဒုက္ခထဲက ရုန်းထွက်နိုင်တဲ့ အခွင့်အရေးကို ရအောင် ယူခွင့်ရှိတယ်။ တစ်ချို့ သာမန်လူတွေအနေနဲ့ကတော့ ဒုက္ခထဲက ရုန်းထွက်နိုင်တဲ့ နည်းအစစ်တွေ မရှာကြဘူး။ ရှာရကောင်းမှန်းလည်း မသိဘူး။ အာရုံခြောက်ပါးရဲ့ ကာမဂုဏ်အာရုံတွေကို အလိုရှိနေကြတယ်။ လူ့အသုံးဆောင် ပစ္စည်းတွေကို လိုချင် တပ်မက်တဲ့ စိတ်တွေနဲ့ ရှိအောင် ရှာနေကြတယ်။ ရှိအောင်ရှာရင်း ရှာရင်း မရှိခြင်းရဲ့ အဆုံးသတ်မှု အောက်မှာ ဒုက္ခတွေ တွေ့ကြတယ်။ ရှိပြီးရင်း ရှိအောင် ရှာရင်း ရှာရင်း ထပ်လိုချင်တဲ့ စိတ်တွေ တစ်ဆင့်တက်ပြီး ရှိလာတယ်။ ရှာလို့ရတဲ့ ပစ္စည်းတွေအပေါ်မှာ ဥစ္စာခြောက်လာတယ်။ အစွဲတွေ ဖြစ်လာတယ်။ ရှိနေတာတွေ ပျောက်သွားမှာ၊ လျော့ကျသွားမှာ စိုးရိမ်ပူပန်လာကြတယ်။ ဒါ ရှိခြင်းရဲ့ ဒုက္ခတွေပဲ။ ရှိခြင်းဆိုတာ အာရုံပြုလိုက်လို့ ရှိသွားတာ။ အာရုံမပြုခင်တုန်းက မရှိဘူး။ အဲဒါ စမ်းကြည့်။ ဘယ်လိုပဲ ရှိခွင့်ရရ မရှိခြင်းနဲ့ပဲ အဆုံးသတ်တယ်။
မေး။ ။ ရှိအောင် မရှာရတော့ဘူးလား? ကိုယ့်မှာ မရှိတော့ ဘယ်သူက လာပေးမှာတုန်း!
ဖြေ။ ။ ဟုတ်ပြီ! စွမ်းအားရှိသလောက် ရှာပါ။ ရှာလို့ ရှိလာတဲ့အပေါ်မှာသာ အစွဲအလမ်းတွေနဲ့ ဖက်တွယ် ငြိကပ်မနေပါနဲ့။
မေး။ ။ အိုစာ မင်းစာအတွက်…. နောင်လာနောက်သားတွေအတွက် မရှာရဘူးလား?
ဖြေ။ ။ ရှာပါ… ရှာလို့ရတဲ့အပေါ်မှာ စွဲလမ်းနေတာမျိုး မဖြစ်ပါနဲ့။
မေး။ ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့ ပြင်ဆင်တဲ့အနေနဲ့ ရှိခြင်းက သေချာမှုကို မရနိုင်ဘူးလား?
ဖြေ။ ။ ကြိုတင်ပြင်ဆင်မှုဟာ သေချာမှုကို ဖြစ်စေတယ်ဆိုတဲ့ စကားကိုတော့ လုံးဝ ထောက်ခံ သဘောတူပါတယ်။
ပြင်ဆင်ရဦးမယ်ဆိုတဲ့ စကားထဲမှာ ငါလုပ်ရဦးမယ်ဆိုတဲ့ အစွဲအဓိပ္ပါယ်ပါးပါးလေး ပါနေတတ်တာကိုတော့ သတိထားပါ။
မေး။ ။ ဒါဆိုရင် ဘာလုပ်ရတော့မှာလဲ?
ဖြေ။ ငါ ’ ဆိုတဲ့အစွဲမျိုး မပါဘဲ သိစရာရှိတာတွေထဲက သိလို့ရသလောက် သိမယ်ဆိုတဲ့အနေနဲ့ သိစရာတွေကို သိရုံလေး သိပြီး မိမိစားဝတ်နေရေး၊ ဘ၀ရပ်တည်ရေးကို အလွတ်အလပ်ဆုံး လှုပ်ရှားပါ။
 

ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်မှုအလျဉ်ဟာ လက်တစ်ဖျစ်တီးမှာ ကုဋေငါးထောင်တဲ့။

စိတ်ရဲ့ ဖြစ်ပျက်မှုအလျဉ်က လက်တစ်ဖျစ်တီးမှာ ကုဋေတစ်သိန်းတဲ့။

ဒါ မြတ်စွာဘုရားရဲ့ အသိဉာဏ်တော်။

ဖြစ်နေသမျှ ပျက်နေမှာပဲ။

ဖြစ်ရဲ ဖြစ်ကြည့် ပျက်ပြမယ့် သဘာဝရဲ့ စိန်ခေါ်မှု။

ရှိရဲ ရှိကြည့် မရှိခြင်းအဖြစ် ချက်ချင်းရောက်သွားစေရမယ့် သဘာဝရဲ့ စိန်ခေါ်မှု။

Next Chapter »