တစ်ခုတည်းသောစိတ်
- တစ်ခုတည်းရှိတဲ့ စိတ်ရဲ့သဘောဟာ စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့သူရဲ့ သိမှုစွမ်းအားကောင်းမှသာ သိနိုင်တဲ့ စိတ်အဆင့်ပဲ။ စိတ်ရဲ့သဘာဝက တစ်ကြိမ်မှာ တစ်ခါသာ ဖြစ်ခွင့်ရှိသလို ဖြစ်ခွင့်ရတဲ့ စိတ်ဟာလည်း ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားတယ်။ တစ်ခုပြီးမှတစ်ခု ဖြစ်ခွင့်ရှိတဲ့ စိတ်ဖြစ်စဉ်ရဲ့သဘာဝကို သဘောပေါက်ရင် တစ်ကြိမ်မှာ တစ်ခုတည်းပဲ ဖြစ်ခွင့်ရှိတဲ့စိတ်ကို ထိန်းချုပ်လို့ ရနိုင်တယ်။ (စိတ်ကို ထိန်းချုပ်ရမယ်ဆိုတာကလည်း အဲဒီတစ်ခုတည်းသော စိတ်ကိုပဲ နိုင်အောင် ထိန်းရမှာ။)
တစ်စစီပြိုကွဲပျက်စီးသောစိတ်
- စိတ်နဲ့ပတ်သက်ပြီး သဘောမပေါက်တဲ့သူတွေ တင်စားပြီးပြောတဲ့စကားပဲ။ စိတ်ဆိုတာ ထုထည်အဖြစ် ဖော်ပြလို့ မရတဲ့ အရာဖြစ်နေလို့ ပြိုကွဲပျက်စီးစရာလည်း မရှိနိုင်ဘူး။ (စိတ်ကိုလာထိတွေ့တဲ့ ဖဿစိတ် အရှိန်ပြင်းထန်လွန်းလို့ ခံစားမှုအရှိန် ပြင်းတာကို ဆိုလိုတဲ့ သဘောပဲ။) မသေချာတဲ့ အနာဂတ် အချိန်ကာလတွေအပေါ်မှာ မိမိဖြစ်ချင်တာတွေကို မျှော်လင့်သင့်တာထက် ပိုပြီး မျှော်လင့်ခဲ့တဲ့သူတွေဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာရင် ဆုံးရှုံးမှုအသိအာရုံက စိတ်ကိုလာထိတဲ့အရှိန် ပြင်းထန်လွန်းလို့ မခံမရပ်နိုင်တဲ့ အဆင့်ထိ ခံစားသွားရတာကို ဥပမာပေးပြီး ဖော်ပြတဲ့ စိတ်အနေအထား။
တစ်စိတ်တစ်ဝမ်းတည်းစိတ်
- တစ်ယောက်တည်း ဆောင်ရွက်လို့ မရနိုင်တဲ့ အလုပ်တစ်ခုကို လူအများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လိုက်တာ အောင်မြင်သွားတယ်ဆိုတာကြီးက ထူးဆန်းအံ့သြစရာကောင်းသလို၊ ချီးကျူးစရာလည်း ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဆိုတဲ့ သဘောဟာ တစ်ချိန်တည်းမှာတောင် အမျိုးမျိုး ပြောင်းရွှေ့နေတတ်တာ။ မိမိအပြင် မိမိမဟုတ်တဲ့ တခြားသူတစ်ပါးတွေရဲ့ စိတ်တွေနဲ့ ပူးပေါင်းကြတဲ့နေရာမှာ လူချင်းမတူပေမယ့် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စိတ်စွမ်းအား ထက်သန်မှုတွေ တူညီတဲ့ အချိန်နဲ့ အကြိမ်အရေအတွက် များခဲ့လို့ပဲ။
တစ်စုံတစ်ရာကို လိုချင်သောစိတ်
- ခံစားမှုအရှိန်ပြင်းထန်လာရင် ထပ်ဆင့်ပွားပြီး ဖြစ်ပေါ်လာတတ်တဲ့ တဏှာစိတ်ပဲ။ အာရုံတွေကို ဆာလောင်တာ တဏှာစိတ်ပဲ။