ဤသို့ ထင်ပေါ်လာသည့်အတွက် ဘ၀င်စိတ်သည် အခြေအနေပျက်၍ လှုပ်ရှားသကဲ့သို့ ဖြစ်သွားသည်။

ဗုဒ္ဓအဘိဓမ္မာသဘောအရ ဘ၀င်စိတ်သည် ကံ - ကမ္မနိမိတ်၊ ဂတိနိမိတ် (၃)ပါးတွင် တစ်ပါးပါးကို အာရုံပြုနေ၊ ယူနေသော သဘောရှိ၍ ထိုသို့အာရုံပြုနေ၊ ယူနေသော အခြေအနေမှ ထင်လာသော အာရုံသစ်ကြောင့် ပြုနေဆဲ၊ ယူနေဆဲ အာရုံကို စွဲမြဲစွာလည်း မယူနိုင်။ လွှတ်လည်း မလွှတ်သေးဘဲ ပင်ကိုသဘောမှ ဖောက်ပြားကာ လှုပ်ရှားသကဲ့သို့ ဖြစ်သည်။

မျက်စိ၌ ထင်လာသော အဆင်းအာရုံကို နှလုံးသွင်းတော့မလိုလို ဖြစ်လာသည်။

ဤကဲ့သို့ဖြစ်သော ဘ၀င်စိတ်ကို ‘ဘ၀ဂ်စလန’ ဟုခေါ်လေသည်။

အထက်ပါကဲ့သို့ အဆင်းအာရုံကို နှလုံးသွင်းတော့မလိုလိုဖြစ်သော ဘ၀ဂ်စလနစိတ် ချုပ်သွားသောအခါ နောက်ဘ၀င်စိတ် တစ်ခု ဖြစ်လာပြန်သည်။

ထိုဘ၀င်စိတ်သည် ပထမစိတ်တွေထက် ပိုပြီး အခြေပျက်လာသည်။ သို့ဖြစ်၍ ထိုဘ၀င်စိတ် ချုပ်သွားသောအခါတွင်မူ နောက်ထပ် ဘ၀င်စိတ် ဖြစ်နိုင်ခြင်း မရှိတော့ဘဲ ပြတ်စဲသွားသည်။

ထိုသို့ပြတ်စဲသွားသော စိတ်ကို ‘ဘ၀ဂ်ုပစ္ဆေဒ’ ဟုခေါ်သည်။

ထိုသို့ ပြတ်စဲသွားသောစိတ် ဘ၀ဂ်ုပစ္ဆေဒ ဖြစ်ပြီးနောက် မျက်စိ၌ ထင်ပေါ်လာသောအဆင်းကို “မည်သို့များနည်း” ဟု ဆင်ခြင်သကဲ့သို့ စိတ်သည် ဖြစ်ပေါ်လာသည်။ ထိုစိတ်ကို အာဝဇ္ဇန်း စိတ်ဟုခေါ်သည်။

ဤသို့ ဆင်ခြင်သကဲ့သို့ဖြစ်သော အာဝဇ္ဇန်းစိတ်သည် မျက်စိ၌ ထင်ပေါ်လာသော အဆင်းကိုသာမက အခြားအခြားသော နား၊ နှာ ခေါင်း၊ လျှာ၊ ကိုယ် အစရှိသည့် အာရုံခံ ဒွါရတို့၌ ဆင်ခြင်သကဲ့သို့ ပြုတတ်သော သဘောရှိသောကြောင့် အာဝဇ္ဇန်းစိတ်ကို ပဉ္စဒွါရ၀ဇ္ဇန်းစိတ် ဟုလည်း ခေါ်ပေသေးသည်။

ဆင်ခြင်သကဲ့သို့ဖြစ်သော အာဝဇ္ဇန်းစိတ် ချုပ်သွားသောအခါ မျက်စိ၌ ထင်ပေါ်နေသည့်အဆင်းကို မြင်သော စက္ခုဝိညာဉ်စိတ် ဖြစ်သည်။

ထိုစက္ခုဝိညာဉ်စိတ် ချုပ်ပျက်သွားသောအခါ ထိုမြင်ရသည့်အဆင်းကို လက်ခံအာရုံပြုသောစိတ် သမ္ပဋိစ္ဆိုန်းစိတ် ဖြစ်သည်။

ထိုလက်ခံအာရုံပြုသော သမ္ပဋိစ္ဆိုန်းစိတ် ချုပ်ပျက်သွားသောအခါ ထိုအာရုံကိုပင် စုံစမ်းသောစိတ် သန္တီရဏစိတ် ဖြစ်သည်။

ထို သန္တီရဏစိတ် ချုပ်ပျက်သွားသောအခါ ဆုံးဖြတ်သောစိတ် ၀ုဋ္ဌောစိတ် ဖြစ်သည်။

ဝုဋ္ဌောစိတ် ဆိုသည်မှာ အာရုံကို ကောင်းသည်၊ ဆိုးသည် စသဖြင့် ဆုံးဖြတ်ချက်ချသော စိတ်သဘောကို ဆိုလိုပါသည်။