အာရုံခြောက်ပါးကြောင့်၊

ခန္ဓာငါးပါးကြောင့်၊ စိတ်ပေါင်းများစွာ ဖြစ်ပေါ်လာပေမယ့် မိမိစိတ်ထဲကို အကြောင်းတိုက်ဆိုင်လို့ ၀င်လာရင်လည်း စိတ်တစ်ခုတည်းသာ ၀င်ခွင့်ရှိတယ်။ ဖြစ်ခွင့်ရသွားတဲ့စိတ်ဟာ နာမည်တစ်ခုတပ်ရတဲ့ အဆင့်ထိ စိတ်အဆင့်ဆင့် ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး

ဆရာကြီး နန္ဒာသိန်းဇံကတော့

(၁) အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ စာအုပ်နဲ့၊

(၂) စိတ်အဆင့်ဆင့် မြင့်တက်ခြင်း စာအုပ်တွေထဲမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

မှတ်ချက် - စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း မိမိစိတ်ထဲကို စိတ်တစ်ခု ၀င်ရောက်လာပုံအဆင့်ဆင့်၊ စိတ်သဘာဝ၊ စိတ်အလျဉ်ရဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

“ဗုဒ္ဓဒဿန အလိုအရ သိစိတ် တစ်စုံတစ်ရာ မဖြစ်သေးမီ ရှိနေသော စိတ်အခြေအနေကို ဘ၀င်စိတ်ဟုခေါ်သည်။ တစ်နည်းအားဖြင့် လောလောဆယ် မျက်မှောက်အချိန်၌ မည်သည့်အာရုံကိုမျှ မစူးစိုက်မိသေးဘဲ ရှိနေသော စိတ်အခြေအနေမျိုးပင် ဖြစ်သည်။ ဤ အခြေအနေမျိုးကို ဗုဒ္ဓစာပေများ၌ အိပ်မောကျနေသည့်အခါ၌ ဖြစ်နေသော စိတ်မျိုးဖြစ်သည်ဟု ဥပမာဆောင်လေ့ရှိ၏။

ထိုဘ၀င်စိတ်သည် အာရုံရုပ်နှင့်လည်းကောင်း၊ လူ၏ရုပ်ခန္ဓာကိုယ်နှင့်လည်းကောင်း၊ သီးခြား ကင်းလွတ်စွာ တည်နေသည် မဟုတ်ချေ။ ဆိုခဲ့သည့်အတိုင်း လောလောဆယ် အာရုံတစ်ခုခုကို အာရုံပြု၍ သိမှု တစ်စုံတစ်ရာ မဖြစ်သေးဘဲ အိပ်မောကျနေသော အခါ၌ ဖြစ်ပျက်နေသော စိတ်အခြေအနေမျိုး အတိုင်း ဆက်တိုက်ဖြစ်နေခြင်းကို ဘ၀င်ကျနေသည် (သို့မဟုတ်) ဘ၀င်စိတ် ဖြစ်နေသည်ဟု ခေါ်လေသည်။

ထိုဘ၀င်စိတ်သည် ပြင်ပကဖြစ်စေ၊ အတွင်းကဖြစ်စေ၊ အာရုံတစ်မျိုးမျိုးက မလှုံ့ဆော်သမျှ ဘ၀င်စိတ် ဖြစ်နေမှုအစဉ်ကို မဖြတ်တောက်သမျှ ထိုဘ၀င်စိတ်သည် တစ်ဆက်တည်း ဖြစ်နေတတ်ပေသည်။

နိုးကြားနေသူဖြစ်ပါကလည်း အကယ်၍ အပြင်မှဖြစ်စေ၊ အတွင်းမှဖြစ်စေ၊ အာရုံတစ်မျိုးမျိုးဝင်လာမှု မရှိပါက ထိုသူ၏ စိတ်သည် ဘ၀င်စိတ် အခြေအနေ၌ပင် ရှိနေသည်။

အကယ်၍ ပြင်ပမှ (သို့မဟုတ်) အတွင်းမှ အာရုံတစ်မျိုးမျိုး ၀င်ရောက်လာပါက (သို့မဟုတ်) ၀င်ရောက်ဖြတ်တောက် လိုက်ပါက ထိုဘ၀င်စိတ်အစဉ်သည် အာရုံအသစ်သို့ လိုက်ပါသွား၏။ တစ်နည်းအားဖြင့် အာရုံသစ်တို့ဆီသို့ စိတ်အစဉ်သည် ဦးလှည့် ကိုင်းညွတ်၍ ပါသွား၏။

ထိုသို့ ဦးလှည့်ကိုင်းညွတ်၍ ပါသွားသော စိတ်အစဉ်လမ်းကြောင်းကို ၀ီထိစိတ်အစဉ် ဟု ဗုဒ္ဓဒဿနများ၌ ဖော်ပြထား၏။