ညာတာပါတေးစိတ်
- ဟိုလိုလို ဒီလိုလိုနဲ့ ၀င်ရောတတ်တဲ့ စိတ်အမျိုးအစား။
ညာဝါဖြန်းသန်းစိတ်
- ဘာကိုမှ သေသေချာချာ ရေရေရာရာ မသိဘဲ သိသလိုလိုနဲ့ ရမ်းသန်းပြီးဖြန်း ပြောဆိုတဲ့နေရာမှာ ထုတ်သုံးတဲ့ စိတ်အမျိုးအစား။
ညီညွတ်သောစိတ်
- ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကြီးတွေကို တစ်ယောက်တည်း လုပ်နေတာထက် မိမိလို စိတ်တူကိုယ်တူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရင် ပိုပြီး ပီပြင်တာကို ဖော်ပြတဲ့စိတ်။ လက်တစ်ချောင်းတည်းဆိုတာထက် လက်ဆယ်ချောင်းလုံးကို အသုံးချရင် ပိုပြီး ခိုင်မြဲတဲ့သဘောကို သဘာဝက ဖန်တီးပေးထားတဲ့စိတ်။ ထင်းတစ်ချောင်းတည်းဆိုရင် ချိုးလို့လွယ်တယ်။ ဆယ်ချောင်းဆိုရင် မလွယ်ဘူး။ နွားကွဲရင် ကျားဆွဲတယ်။ ဒါတွေဟာ ညီညွတ်တဲ့စိတ်ကို ဖော်ပြတဲ့ ဥပမာတွေပဲ။
ညီမျှသောစိတ်
- ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ ဘယ်သူ့ဘက်မှ မျက်နှာမလိုက်ဘဲ ညီတူညီမျှ ဖြစ်နေတယ်။ စိတ်ကိုစောင့်ကြည့် သိမှတ်တဲ့နေရာမှာလည်း လက်ရှိအချိန်မှာ လုပ်နေဆဲအလုပ်နဲ့ ပတ်သက်ပြီး စိတ်က အလုပ်လုပ်နေတာနဲ့ သိနေတာနဲ့ အညီအမျှ ဖြစ်နေတဲ့စိတ်။ ဆက်တိုက် ပြောင်းရွှေ့နေတဲ့ စိတ်အနေအထားကို သိရုံလေး သိပေးနေတဲ့ အသိတွေကလည်း အညီအမျှ သိနေတယ်။
ညုတုတုခရာတာတာစိတ်
- အမျိုးသမီးတွေအတွက် သီးသန့်ဖြစ်စေတဲ့ စိတ်လက်နက်။ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လက်နက် တစ်ခုအနေနဲ့ လိုအပ်သလို အသုံးချခွင့် ရှိနေတဲ့ ကိုယ်ပိုင်စိတ်ပဲ။ ဒီစိတ်ကို နေရာတကာမှာ အသုံးပြုနေရင်တော့ တန်ဖိုး ကျသွားတဲ့အဆင့်ကို ရောက်သွားနိုင်တယ်။
ညံ့ဖျင်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ညက်ညောသောစိတ်
- မိမိဘက်က အမှားမဖြစ်စေရဘူးဆိုတဲ့ ခံယူချက်နဲ့ ဘယ်သူနဲ့ပဲ ဆက်ဆံ ဆက်ဆံ မိမိဘက်က ပြင်ဆင်ထားတဲ့ လိမ္မာပါးနပ်သူတွေရဲ့ စိတ်ပုံစံ။
ညင်သာသောစိတ်
- အေးဆေးပေါ့ပါး ရှင်းလင်း တည်ငြိမ် သိမ်မွေ့တဲ့ စိတ်အနေအထား။
ညစ်ကျယ်ကျယ်စိတ်
- ညစ်ပတ်ချင်နေတဲ့သူတွေဟာ ကန့်လန့်တိုက်ဖို့၊ ရန်ဖြစ်ဖို့၊ ဒေါသထွက်ဖို့ အလွယ်တကူ အဆင်သင့်ဖြစ်နေတော့ ဘယ်သူနဲ့ တွေ့တွေ့ ဘာပဲလုပ်လုပ် ရိုးသားမှု မရှိတဲ့ စိတ်အနေအထား။
ညစ်ညူးနေသောစိတ်
- လုပ်သလို မဖြစ်တာတွေ များလာတဲ့အခါမျိုးမှာ မိမိကိုယ်ကိုရော၊ သူတစ်ပါးကိုပါ မကျေမနပ်ဖြစ်ပြီး အမြင် မကြည်လင်တော့တဲ့ စိတ်အနေအထား။
ညစ်ညမ်းသောစိတ်
- စက်ဆုပ်ရွံရှာစရာ အညစ်အကြေးတွေနဲ့ ညစ်ထေးနေတဲ့စိတ်။ အဆိပ်အတောက်တွေနဲ့ ညစ်ထတ်ထတ် ဖြစ်နေတဲ့စိတ်။ အလွန်ရိုင်းစိုင်း ညစ်ညမ်းပြီး ညစ်တီးညစ်ပတ် ဖြစ်နေတဲ့စိတ်။ ညစ်ပတ်ပေရေ မှောင်မဲပြီး ညစ်နွမ်းနေတဲ့စိတ်။
(သန့်ရှင်း စင်ကြယ်ခြင်း အဓိပ္ပာယ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ စိတ်အမျိုးအစား။)
ညစ်တွန်းတွန်းသောစိတ်
- မထူးတော့ပါဘူးကွာ ဖြစ်ချင်ရာဖြစ်တော့! ဆိုပြီး ထွက်ပေါက်တစ်ခု ရလိုရငြား မျက်စိစုံမှိတ် ဇွတ်တိုးဝင်နေတဲ့ စိတ်အနေအထား။
ညည်းတွားသောစိတ်
- အလုပ်လုပ်ခြင်းကို စိတ်မ၀င်စားတဲ့သူတွေ၊ အပျင်းထူတဲ့သူတွေဟာ အလုပ်လုပ်ခါနီးမှာ ခေါင်းမူးလို့၊ ခါးနာလို့ စသဖြင့် အလုပ်က များလွန်းတယ်၊ တစ်ရက်တည်းနဲ့ အပြီးလုပ်ရမယ်ဆိုရင် မဖြစ်နိုင်ဘူးထင်တယ် စသဖြင့် ဘာမှမလုပ်ရသေးခင် ဆင်ခြေတွေပေးပြီး ညည်းညူပြတဲ့ စိတ်ပုံစံ။