ဉာဏ်မီသောစိတ်
- ခန္ဓာကိုယ်ရဲ့သဘော၊ စိတ် စေတသိက်ရဲ့ သဘာဝတွေကို သဘောပေါက်အောင် လေ့လာတယ်။ ကိုယ်တိုင်လက်တွေ့ သိကျင့် ကြည့်တယ်။ ဖြစ်ပျက်နေတာတွေကို စောင့်ကြည့်သိမှတ်ရင်း အထွေအထူးတွေ မပါဘဲ ဖြစ်နေကျတွေ ဖြစ်နေတာကို သိနေတယ်။ အာရုံခြောက်ပါးရဲ့ နည်းပေါင်းစုံနဲ့ နှိပ်စက်နေတာကလွဲရင် ဘာမှထပ်မရှိတော့ဘူး ဆိုတာတွေကို သိနေတယ်။ ဖဿ၊ ဝေဒနာ၊ မောဟ၊ စေတနာ၊ သညာ စေတသိက်တွေရဲ့ ခြယ်လှယ်မှုတွေကြောင့် မကောင်းတာရော၊ ကောင်းတာတွေရော ဖြစ်ပေါ်နေတာကို သိနေတယ်။ ဘယ်သူတွေ ဘာပဲလုပ်လုပ် လူ့စည်းဝိုင်းထဲက နေ့စဉ်လုပ်နေကျ သင်ရိုးညွှန်း တမ်းအတိုင်း လှုပ်ရှားနေကြရတာကို သိနေတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စွန့်လွှတ်ခြင်း သဘာဝတွေကို သဘောပေါက်ပြီး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တဲ့ အသိဉာဏ် ရှိနေရမယ်ဆိုတာ သိနေတယ်။ သဘာဝတွေရဲ့ သဘောကို သိနေတဲ့ စိတ်အဆင့်။
ဉာဏ်များသောစိတ်
- သဘာဝရဲ့သဘောတရားတွေကို သိအောင် အားထုတ်နေတဲ့ အတွေ့အကြုံဟာ အသိဉာဏ်ကို တိုးပွား များပြားစေတယ်။ ဒါပေမယ့် အချောင်ခိုချင်လို့ ဉာဏ်နီဉာဏ်နက်တွေ များနေတာမျိုးကတော့ လူ့အသိုင်းအ၀ိုင်းထဲမှာ မရှိသင့်ဘူး။
ဉာဏ်ရည်မြင့်သောစိတ်
- ဉာဏ်ရည်မြင့်ဖို့ ဉာဏ်ကို အလုပ်ပေးရမယ်။ ဉာဏ်စမ်းတဲ့မေးခွန်းတွေ ဖြေကြည့်ရမယ်။ ဉာဏ်စမ်းတဲ့ ပုစ္ဆာတွေ တွက်ကြည့်ရမယ်။ မမြင်ရပေမယ့် ရှိနေတဲ့စိတ်ကို ရှာဖွေခိုင်းရမယ်။ စိတ်ရှိတဲ့နေရာကို အချိန်ကြာကြာ သိအောင် အားထုတ်နိုင်ရင် ဉာဏ်ရည်မြင့်တဲ့ အသိစိတ်ကို ရပြီ။

Next Chapter »