ဉာဉ်ဆိုသောစိတ်
- ဉာဉ်ကောင်းတယ်၊ ဉာဉ်ဆိုးတယ် စသဖြင့် ခွဲခြားပြီး တစ်စုံတစ်ရာရဲ့ စိတ်အရည်အချင်းကို သတ်မှတ်တဲ့နေရာမှာ အသုံးချတဲ့ စိတ်အမျိုးအစား။
ဉာဏ်စဉ်သတ်မှတ်သောစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့နေရာမှာ သိမှတ်နိုင်မှုရဲ့ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု၊ ထပ်ဆင့် သိသိလာတဲ့ အသိဉာဏ် အဆင့်ဆင့်ကို သတ်မှတ်တဲ့စိတ်။
ဉာဏ်ကောင်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ်ပါဝင်နေပါတယ်။
ဉာဏ်တုံးသောစိတ်
- ဉာဏ်ဆိုတဲ့စိတ်ကို အသုံးမပြုဘဲ ပစ်ထားတာကြာသွားလို့ မထက်မြက်တော့တဲ့ သဘောပဲ။ ဥပမာ - ဓားတစ်ချောင်းကို မသုံးဘဲ၊ မသွေးဘဲ ထားရင် တုံးသွားမှာပဲ။ ဒီ့ထက်ကြာသွားရင် တုံးတဲ့အပြင် သံချေးတက်ပြီး သုံးလို့ကို မရတော့တဲ့ အနေအထားထိ ဖြစ်သွားတယ်။ ဉာဏ်ဆိုတဲ့အရာကို အသုံးချပါ။ မိမိကိုယ်ကို မိမိ မေးခွန်းတွေထုတ်ပြီး ဉာဏ်ရည်ကို စစ်ဆေးပါ။ မသိတာကို မေးပြီး ရလာတဲ့အဖြေကို ချက်ချင်း လက်မခံဘဲ ဟုတ်ရဲ့လားလို့ မိမိဉာဏ်ကို မိမိစမ်းသပ်ပါ။
(မသိတာကို သိချင်ယောင် မဆောင်ပါနဲ့။ ကိုယ်တိုင်လက်တွေ့ သိအောင် ဉာဏ်ကို အသုံးချပါ။ တုံးနေတဲ့ဉာဏ် ထက်မြက်လာ ပါလိမ့်မယ်။)
ဉာဏ်ထက်မြက်သောစိတ်
- ဘယ်သူတွေ ဘာပြောပြော နားထောင်နေပေမယ့် ချက်ချင်း မယုံဘူး။ ဘယ်သူတွေ ဘာရေးရေး ဖတ်ကြည့်ပေမယ့် မယုံဘူး။ ဟုတ်ရဲ့လားဆိုတဲ့ မယုံသင်္ကာစိတ်နဲ့ ကြားသမျှ၊ မြင်သမျှ၊ တွေးသမျှ အကုန်လုံးကို ကိုယ်တိုင် လက်တွေ့ သိကြည့်တယ်။ သိကြည့်လို့ ရအောင်လည်း စိတ်အရင်းအမြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်တယ်။ မေးခွန်းပေါင်းများစွာကို လူပေါင်း များစွာမေးပြီး ညှိကြည့်တယ်။ လက်တွေ့ သိကျင့်ကြည့်တယ်။ ဉာဏ်ကို ထောင့်ပေါင်းစုံက ထုတ်သုံးတယ်။ ဉာဏ်ကို ကစား ကြည့်တယ်။ ဉာဏ်ရည်ဉာဏ်သွေးကို စမ်းသပ်ကြည့်တယ်။ အဲဒီလို လေ့ကျင့်တာတွေ များလာတော့ တုံးနေတဲ့ဉာဏ်တွေ၊ ထုံထိုင်းနေတဲ့ဉာဏ်တွေဟာ ချုပ်ပျောက်ပြီး ထက်မြက်တဲ့ ဉာဏ်အဖြစ် အစားထိုး ပြောင်းရွှေ့ဝင်လာတယ်။
ဉာဏ်နီဉာဏ်နက်များသောစိတ်
- သူ့နေရာနဲ့သူ လိုအပ်ရင် လိုအပ်သလို အကွက်ကျကျ ဇယားချပြီး လိမ်လည်နည်းမျိုးပေါင်းစုံ၊ အချောင်ရတဲ့ နည်းမျိုးပေါင်းစုံ ထုတ်သုံးတဲ့ စိတ်အမျိုးအစား။
ဉာဏ်ပညာကြီးသောစိတ်
- အရာရာကို ချင့်ချိန်တတ်တဲ့ ဉာဏ်ပညာ၊ ကြောင်းကျိုးဆီလျော်အောင် စဉ်းစားတွေးခေါ်တတ်တဲ့ ဉာဏ်ပညာ၊ လူသားချင်း စာနာတတ်တဲ့ ဉာဏ်ပညာ၊ အထောက်အထား မခိုင်လုံ မသေချာရင် အလွယ်တကူ မဆုံးဖြတ်တတ်တဲ့ ဉာဏ်ပညာ၊ ဘယ်သူ့ဘက်မှ မလိုက်ဘဲ မျှတ၊ ပွင့်လင်း၊ ထက်မြက်တဲ့ ဉာဏ်ပိုင်းဆိုင်ရာ အတွေ့အကြုံများတဲ့ စိတ်အမျိုးအစား။
ဉာဏ်မမီသောစိတ်
- ဉာဏ်မရှိလို့ ဉာဏ်မမီတာ။