နှိုးဆော်သောစိတ်
- လုပ်သင့်တဲ့အလုပ်တစ်ခုကို လုပ်ဖြစ်အောင် လုပ်ပါလို့ တိုက်တွန်းတဲ့ နှိုးဆွစိတ်အမျိုးအစား။
နှိုက်နှိုက်ချွတ်ချွတ်မေးသောစိတ်
- ‘ မေးပါများ စကားရ ’ တဲ့။ မေးခွန်းမေးတာကို ၀ါသနာပါပြီး မေးပါ။ မေးရမှာ မကြောက်ပါနဲ့။ မေးရမှာ အားမနာပါနဲ့။
မေးရမှာ မရှက်ပါနဲ့။ မေးရမှာ ရှက်ပြီး သိသလိုလို ပုံစံမျိုးမလုပ်ပါနဲ့။ မေးရမှာအားနာပြီး သိချင်ယောင်ဆောင်တဲ့ ပုံစံမျိုး မလုပ်ပါနဲ့။ မေးရမှာကြောက်ပြီး သိတယ်ထင်နေတဲ့ ပုံစံမျိုး မလုပ်ပါနဲ့။ သိချင်တာကို အဖြေရတဲ့အထိ မေးခွန်းပေါင်းများစွာကို ထောင့်ပေါင်းစုံကနေပြီး ဖြေတဲ့သူ ဖြေပေးနိုင်သမျှ မေးပါ။ မိမိကိုယ်တိုင် တကယ်နားလည်တဲ့ အဖြေမျိုး ရတဲ့အထိ မေးပါ။ (သိသလိုလိုနဲ့ သိချင်ယောင်ဆောင်နေသူကိုသာ မမေးမိပါစေနဲ့။)
နှောင့်နှေးသောစိတ်
- ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ပြတ်ပြတ်သားသား မချနိုင်သေးဘူးဆိုရင် ဘာကိုစလုပ်ရမှန်းမသိလို့ ဘာပဲလုပ်လုပ် ကြာနေမှာပဲ။
နှောင့်ယှက်သောစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်မှု မရှိတဲ့အတွက် အာရုံခြောက်ပါးကြောင့် စိတ်ထဲဝင်လာတဲ့ အာရုံအကုန်လုံးဟာ မိမိစိတ်ကို တစ်မျိုးပြီး တစ်မျိုး နှောင့်ယှက်နေမှာပဲ။ မိမိစိတ်ကို နှောင့်ယှက်နေတာ မိမိစိတ်ပဲ။
နှိုင်းယှဉ်စိတ်
- ဘယ်သူက ဘာပဲပြောပြော ချက်ချင်းမယုံပါနဲ့။ သံသယစိတ်နဲ့ မေးခွန်းတွေ အမျိုးမျိုးထုတ်ပြီး နှိုင်းချင့်ပါ၊ နှိုင်းချိန်ပါ။
နှစ်ကိုယ့်တစ်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
နှစ်ခွစိတ်
- နှစ်ခုထဲက တစ်ခုရဲ့တန်ဖိုးကို အတိအကျ အသေးစိတ် ကွဲကွဲပြားပြား မသိလို့သာ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တဲ့ စိတ်အမျိုးအစား။
နှစ်ခြိုက်စိတ်
- မိမိစိတ်ထဲက နှစ်နှစ်ကာကာ ကြိုက်နှစ်သက်နေတဲ့ စိတ်အမျိုးအစား။
နှစ်ဖက်ချွန်စိတ်
- အလွန်ကြောက်စရာကောင်းတဲ့ စိတ်အမျိုးအစားဆိုတာ ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
နှစ်သိမ့်စိတ်
- စိတ်အားငယ်နေသူကို စိတ်အားတက်အောင် ဖေးမကူညီတဲ့စိတ်၊ ဒေါသကြီးနေတဲ့သူကို စိတ်လျော့ကျသွားအောင် ဖျောင်းဖျ ပြောဆို နှစ်သိမ့်စိတ်။
နှုတ်ချိုသျှိုတစ်ပါးစိတ်
- ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲတွေ့တွေ့၊ ပြုံးပြပြီး ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ပြောဆိုဆက်ဆံရင် မကြိုက်တဲ့သူဆိုတာ မရှိနိုင်ပါဘူး။ ခက်ထန်မာကြောနေတဲ့ သူနဲ့တွေ့ရင် မိမိဘက်က ပြုံးပြပြီး ချိုချိုသာသာလေးသာ နှုတ်ဆက်ကြည့်လိုက်ပါ။ ရှုံ့တွနေတဲ့ မျက်နှာကြီး ချက်ချင်း ပြောင်းလဲသွားလိမ့်မယ်။ ဒါဟာ နှုတ်ချိုသျှိုတစ်ပါးရဲ့ စိတ်အစွမ်းပဲ။
နှုတ်လှံထိုးစိတ်
- စရိုက်ကြမ်းတဲ့သူတွေဟာ သူတို့ကို တိုက်ခိုက်တဲ့စကားမျိုး ပြောမိလို့ကတော့ တစ်ဘက်က တစ်ခွန်းပြောရင် မိမိဘက်က အခွန်းပေါင်း တစ်ရာလောက် ဆက်တိုက်ပြန်ပက်လိုက်ရမှဆိုတဲ့ နှုတ်လှံထိုးစိတ်။