ဒေါင်းတင်မောင်းတင်စိတ်
- အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားခြင်း အဓိပ္ပာယ်ပါဝင်နေတဲ့ စိတ်အမျိုးအစား။ သေချာတယ်ဆိုတာ ဘယ်နေရာမှာမှ မရှိနိုင်တဲ့ လူ့လောက။ သေချာတယ်ဆိုတဲ့စကားကို ဘယ်သူကမှ အတိအကျ မပြောနိုင်တဲ့ လူ့လောကထဲမှာ ဘာမဆို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားခြင်းကသာ သေချာမှုကို ရစေတဲ့ စိတ်အနေအထား။
ဒိဌိစိတ်
- ဘာကိုမှ မယုံကြည်တဲ့၊ လက်မခံတဲ့ စိတ်အမျိုးအစား။
ဒဏ်ခတ်ခံရသောစိတ်
- မိမိကျူးလွန်ခဲ့တဲ့ စိတ်ဖောက်ပြန်မှုနဲ့ တူညီတဲ့ စိတ်ဒုက္ခကို တန်ပြန်ခံစားရတဲ့ စိတ်အဓိပ္ပာယ်။
ဒဏ်ပိသောစိတ်
- ပါးစပ်က စကားအဖြစ် ပြောဆိုစော်ကား ကျူးလွန်ခဲ့တဲ့ အပြစ်တွေကလည်းများနေပြီ။ ကိုယ်ထိလက်ရောက် ညှဉ်းဆဲ နှိပ်စက် အနိုင်ကျင့်စော်ကား ကျူးလွန်ခဲ့တဲ့ အပြစ်တွေကလည်း များနေပြီ။ စိတ်နဲ့ဖောက်ပြန် ပြစ်မှား ကျူးလွန်ခဲ့တဲ့အပြစ်တွေကလည်း များနေပြီ။ သူ့အလှည့်ပြီးရင် မိမိအလှည့်ဆိုတဲ့ သဘာဝကလည်း ရှိနေတော့ ‘မင်းကျူးလွန်ခဲ့တဲ့ အပြစ်တွေကို စုပေါင်းပြီး မင်းခံရမယ့် အလှည့်ကိုရောက်ပြီ မင်းခံပေတော့’ ဆိုရင် ဘယ်လိုလုပ်မလဲ? ခံနိုင်ပါ့မလား? အဲဒီအချိန်မှာ တွန်းလှန်ဖယ်ရှားဖို့ ခွန်အားကလည်း မရှိတော့ဘူး။ အိုနေပြီ၊ ဉာဏ်နီ ဉာဏ်နက်တွေသုံးပြီး ရှောင်ထွက်ဖို့ကလည်း ဦးနှောက်က နာနေပြီ။ မိမိကျူးလွန်ခဲ့တဲ့ အပြစ်တွေရဲ့အောက်မှာပိပြီး ရုန်းထွက်လို့မရရင် သေပြီ။ (စိတ်ဒဏ်ရာပိပြီး သေတဲ့အလောင်းတွေ အများကြီးပဲဆိုတာ မိမိပတ်ဝန်းကျင်မှာ ရှိနေမှာပါ။)
ဒဏ်ရာများသောစိတ်
- ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်ပြီဆိုရင် ဒဏ်ရာရတာချင်းအတူတူ ပေါက်ကွဲမှုနဲ့အနီးဆုံးမှာ ရှိနေတဲ့သူက ဒဏ်ရာရတာ ပိုများနိုင်တယ်။ စိတ်ရဲ့ ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်တာကို ခံနေရတဲ့လူသားချင်းအတူတူ၊ စိတ်ကိုထိန်းချုပ်မှု မရှိဘဲ ပစ်စလက်ခတ် လွှတ်ထားသူရဲ့ ဖောက်ပြန်ကျူးလွန်မှုတွေဟာ ဒုက္ခဖြစ်ကြောင်းနဲ့ နီးကပ်လွန်းနေလို့၊ အသိနဲ့သတိ ရှိသူထက် ပိုပြီး ဒဏ်ရာများနိုင်နေတဲ့ စိတ်အနေအထား။
ဒိတ်ဒိတ်ကြဲစိတ်
- စိတ်နဲ့ပတ်သက်ရင် ခဏလေးသာဖြစ်ခွင့်ရှိတဲ့ စိတ်ကလေးက လူဆိုတဲ့စွမ်းအားရှင်ကို အနိုင်ကျင့်နေလို့ ဘယ်ရမလဲဆိုပြီး မမြင်ရတဲ့စိတ်ကို စိန်ခေါ်နေတဲ့ ဒိတ်ဒိတ်ကြဲ စိတ်ကြီး။ ဒိတ်ဒိတ်ကြဲ စွမ်းအားကြီးတဲ့စိတ်ကို ဒိတ်ဒိတ်ကြဲ စွမ်းအားကြီးတဲ့ အသိနဲ့သတိနဲ့ ပူးပေါင်းပြီး ဒိတ်ဒိတ်ကြဲစိတ် စိန်ခေါ်ပွဲကို တိုက်ပွဲဝင်နေတဲ့ ဒိတ်ဒိတ်ကြဲ စိတ်ကြီး။ (ကဲ! မိမိဆီမှာလည်း ဒိတ်ဒိတ်ကြဲဆိုတဲ့ စိတ်အဆင့်မျိုးရောက်အောင် တည်ဆောက်ကြည့်ရအောင်။ စိတ်ကိုစောင့်ကြည့်သိမှတ်ပြီး မမြင်ရတဲ့ စိတ်ရဲ့အသွားအလာ အဖြစ်အပျက် သဘာဝသဘောကို သိကြည့်ရင်း သိကြည့်ရင်း ခဏလေးသာ ဖြစ်ပြခွင့်ရှိတဲ့စိတ်ရဲ့ အနိုင်ကျင့်မှုကို မခံသင့်ဘူးဆိုတဲ့ အသိတစ်ခု ရလာလိမ့်မယ်။ အဲဒါ ဒိတ်ဒိတ်ကြဲ ဖြစ်လာတော့မယ့် စိတ်ရဲ့ အစပဲ။)