ဒုက္ခိတစိတ်
- ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ပျက်စီးချို့ယွင်း မပြည့်စုံရင် ဒုက္ခိတလို့ သတ်မှတ်ကြတယ်။ အသက်ဘေးအန္တရာယ်နဲ့ ကြုံလို့ ကိုယ်လွတ်ရုန်းပြေးရမယ့် အခြေအနေမျိုးမှာ ခြေထောက်တစ်ဖက် မရှိရင် ရုတ်တရက် ထပြေးဖို့ အလွယ်တကူ အဆင်သင့် မဖြစ်ဘူး။ လက်တစ်ဖက်မှာ လက်ချောင်းငါးချောင်း ရှိရမယ့်အစား လက်မဆိုတဲ့ လက်ချောင်း တစ်ချောင်းမရှိရင် တစ်စုံတစ်ရာကို ကိုင်တွယ်တဲ့နေရာမှာ ခိုင်မြဲ ကျစ်လစ်မှု မရှိဘူး။ သတိစိတ်ချို့ယွင်းပြီး မေ့တတ်နေရင် အသိဉာဏ်စွမ်းအားကို ချက်ချင်း ထုတ်သုံးဖို့ အဆင်သင့် မဖြစ်နိုင်ဘူး။ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေနဲ့ စိတ် စေတသိက်တွေနဲ့၊ အသိနဲ့သတိနဲ့ တစ်ချိန်တည်း စုစည်းထိန်းချုပ်နိုင်တဲ့ စိတ်အရည်အချင်းရှိမှ စိတ်ဒုက္ခိတ မဖြစ်မှာ။
ဒေါက်ဖြုတ်ခံရသောစိတ်
- မရှိတဲ့ဂုဏ်သိက္ခာကို ရှိချင်ယောင်ဆောင်ပြီး လိမ်လည် ညာစားနေတာကို ဘယ်သူမှ မသိကြဘူးလို့ ထင်မြင်ယူဆနေတဲ့ အချိန်မှာ အကြောင်းသိနေသူက ဟန်ဆောင်နေသူရဲ့ အလိမ်တွေ၊ အကြွားတွေကို ထုတ်ဖော်ပြောလိုက်လို့ အရှက်ကွဲသွားတဲ့ စိတ်အနေအထား။
ဒေါင်ကျကျပြားကျကျစိတ်
- လူ့လောကထဲကို လူအဖြစ်နဲ့ရောက်လာတည်းက မိဘမစုံလင်ခဲ့သူတွေ၊ စားဝတ်နေရေး အဆင်မပြေခဲ့သူတွေဟာ ဘ၀ထဲကို ဘာပစ္စည်းမှ မပါဘဲ ခုန်ချပြီး မိမိအစာအိမ်အတွက် အစာကို မိမိကိုယ်တိုင်ရှာဖွေ ဖြည့်ဆည်းမှ ရမယ်ဆိုတာကို ဘ၀ပေး အသိ စိတ်တစ်ခုအဖြစ် စိတ်ထဲမှာ ဖြစ်သွားစေတယ်။ ဒီလိုလူတွေဟာ ဘယ်အရာကိုမှ စိတ်မ၀င်စားတော့ဘူး။ စောဒကမတက်ဘူး။
ပြဿနာမရှာဘူး။ အဓိကအနေနဲ့ တစ်နေ့တာ စားဖို့ကို ဘယ်နေရာမှာ ဘယ်လိုရှာရမယ်၊ အိပ်ဖို့နေရာကို ဘယ်နေရာမှာ ရှာရ မယ်။ အ၀တ်အစားဆိုတာ မိမိကြောင့် သူတစ်ပါး အမြင်မှာ အရှက်မရရင် ပြီးရောဆိုပြီး ကြုံသလိုဝတ်တယ်၊ ကြုံသလိုအိပ်တယ်၊ ကြုံတဲ့နေရာမှာ ကြုံသလိုစားတယ်။ သူတို့ရဲ့ စိတ်တွေဟာ ဒေါင်လိုက်ကျရင် ဒေါင်လိုက်ပဲ။ ပြားလိုက်ကျရင်လည်း ပြားလိုက်ပဲ။
ဒေါင်ချာစိုင်းစိတ်
- ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကျင့်ကြံအားထုတ်မှုမပါဘဲ၊ သူများပြောတာတွေ၊ နားထောင်ခဲ့ရတဲ့ အကြိမ်တွေများလာရင် ကြားဖူးနားဝဖြစ်ပြီး ငါသိနေပြီလို့ စိတ်က ထင်နေတာမျိုးရှိတတ်တယ်။ အဲဒီလို သိသလိုလို ဖြစ်နေတာကို တကယ်သိတယ် ထင်နေတဲ့သူတွေဟာ မိမိကိုယ်တိုင် အသက်ဘေးအန္တရာယ်နဲ့ကြုံပြီး ဆေးရုံရောက်သွားတဲ့အခြေအနေမျိုး ဖြစ်သွားရင် စိတ်သက်သာအောင် ဘာလုပ်မလဲ? သိထားတယ် ဆိုတာကြီးက ကိုယ်တိုင်လက်တွေ့ သိကျင့်ထားလို့ သိတဲ့အသိမျိုး မဟုတ်ဘဲ၊ ကြားဖူးနားဝအသိ ဖြစ်နေတော့ လက်တွေ့မှာ အသုံးချလို့ မရမှန်းသိပြီဆိုတာနဲ့ ဒေါင်ချာလည်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ စိတ်အနေအထား။
ဒေါင်ဒေါင်မြည်စိတ်
- မိမိစိတ်ကို အမြဲတမ်း စစ်ဆေးနေတဲ့သူတွေဟာ သတိဆိုတဲ့စိတ်ရဲ့ တန်ဖိုးကို သိနေတယ်။ သတိစိတ်ကို ထိုက်ထိုက်တန်တန် အသုံးချပြီး အသိဉာဏ်အားကောင်းအောင် အားထုတ်တယ်။ အသိနဲ့သတိ စွမ်းအားကောင်းနေရင် လောကနဲ့ လူတွေကြားထဲမှာ ဖြစ်နေကျ လူ့ပြဿနာ ဒုက္ခတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်တယ်။ ဒါဟာ စိတ်စွမ်းအား အရည်အသွေး ပြည့်စုံ ထက်မြက်ပြီး ဒေါင်ဒေါင်မြည်နေတဲ့ စိတ်အဆင့်ပဲ။
ဒေါင်းတောက်စိတ်
- လိုချင်တာကို ရအောင်ရှာရင်း ရှာရင်း ရှာလို့မတွေ့တဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အနေအထား။