(၁၀) သူတစ်ပါးကို မရစေချင်တဲ့ ၀န်တိုခြင်းသဘော မစ္ဆရိယ စေတသိက်
မိမိမှာပြည့်စုံတဲ့ ဥစ္စာပစ္စည်းတွေ၊ မိမိမှာရှိနေတာတွေ၊ သူတစ်ပါးဆီမှာ မရှိစေချင်တာ၊
မိမိထက်သာတဲ့ စီးပွားဥစ္စာ တိုးတက်မှာကို မလိုလားတာ၊
မိမိထက်သာတဲ့ အိမ် ခြံ မြေ တိုက်ခန်းတွေကို မရစေချင်တာ၊
မိမိထက်သာတဲ့ ရာထူး ဂုဏ်သိက္ခာမျိုးရမှာကို စိုးရိမ်တာ၊
မိမိကောင်းစားသလို သူတစ်ပါး မကောင်းစားစေချင်တာ၊
မိမိမိတ်ဆွေသူငယ်ချင်းက သူတစ်ပါးနဲ့ ခင်မင်ရင်းနှီးစွာ ဆက်ဆံတာကို မရှုဆိတ်တာ၊
မိမိရနေကျ လက်ဆောင်ပစ္စည်း လာဘ်လာဘမျိုးကို သူတစ်ပါး မရစေချင်တာ၊
မိမိတတ်တဲ့ပညာကို သူတစ်ပါးလည်း မိမိလို တတ်သိရရှိသွားမှာ စိုးရိမ်ပြီး တတ်သိချင်လို့ လာမေးတဲ့သူကို ပညာအကုန် သင်မပေးဘဲ
ဆရာစားချန်ထားတာမျိုး၊
ဒါတွေဟာ ၀န်တိုစိတ် စေတသိက်တွေပဲ။
မစ္ဆရိယဆိုတာ အဲဒီဝန်တိုစိတ်ပဲ။
ဒီလိုစိတ်မျိုးဖြစ်ခြင်းဟာ မိမိဝန်တိုနေသူကို မထိခိုက်ဘဲ၊
မိမိမှာသာ သူတစ်ပါးအတွက် ၀န်တိုစိတ်တွေ ဖြစ်နေရတာနဲ့ မိမိစိတ်က မစင်ကြယ်၊
မသန့်ရှင်း ဖြစ်နေရတာပဲ အဖတ်တင်ပြီး ပင်ပန်းနေတတ်တယ်။
မိမိဝန်တိုတဲ့သူကတော့ အိပ်ကောင်းခြင်း၊ စားကောင်းခြင်းနဲ့ သွားလာနေထိုင်၊ လှုပ်ရှားလို့၊ ပျော်လို့ရွှင်လို့။
မိမိမှာသာ ဒုက္ခဖြစ်တာ။
ဒါဟာ မိမိ မူရင်းစိတ် အခြေခံ ညံ့လို့၊ ကြားဖြတ်ဝင်လာတဲ့ စေတသိက်ရဲ့
လွှမ်းမိုးအနိုင်ကျင့်တာကို ခံလိုက်ရတဲ့သဘောပဲ။
(၁၁) နောင်တ တစ်ဖန် ပူပန်ခြင်းသဘော ကုက္ကုစ္စ စေတသိက်
ကုသိုလ်ကောင်းမှု မပြုခဲ့မိတာနဲ့ ပတ်သက်ပြီး ကုသိုလ်မလုပ်ခဲ့မိတာကို နောင်တရပြီး ထပ်ဆင့်ပူပန်တာ၊
အကုသိုလ်လုပ်ခဲ့မိလို့ ငါလုပ်မိတာတော့ မှားပြီဆိုပြီး နောင်တ တစ်ဖန် ပူပန်တာ၊
အမှားတစ်ခုခု လုပ်လိုက်မိခြင်းအပေါ်မှာ ငါလုပ်လိုက်တာ မှားသွားလား မသိဘူးလို့ နောင်တရပြီး ထပ်ဆင့် ပူပန်တာ၊
အဲဒီတုန်းက အဲဒီလို မပြောခဲ့မိရင်ကောင်းသား ငါ့တော့မှားပြီ ထင်တယ်လို့ နောင်တ တစ်ဖန် ပူပန်တာ၊
ဒီနောင်တ တစ်ဖန် ပူပန်ခြင်းသဘောက နောက်ကျသွားပြီ။
နောင်တရလည်း မိမိလုပ်ခဲ့သမျှ အမှားတွေက ဖြစ်ပြီးသွားပြီ။ ပြန်ပြင်လို့ မရတော့ဘူး။
ဆိုတော့…..
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဖြတ်လိုက်တော့
မှားမှန်းသိရင်တော့ ချက်ချင်းပြင်၊ ဆက်တိုက်ပြင်။
နောက်တစ်ခါ နောက်ကျမှရတဲ့ နောင်တမျိုးမဖြစ်အောင် ထပ်ဆင့်ပွား ပူပန်မှုတွေ မဖြစ်အောင်၊
မဖြစ်ခင် ကြိုတင်စဉ်းစားတဲ့ စိတ်ပြင်ဆင်မှုကို အကျင့်ပါသွားသည်ထိ လေ့ကျင့်တည်ဆောက်။
ဘာမှမလုပ်ခင် သေသေချာချာ စဉ်းစား ပြင်ဆင်။