(၁၂) ထိန တဲ့

မိမိလုပ်ရမယ့်အလုပ်ကို လုပ်တဲ့နေရာမှာ သွက်သွက်လက်လက် စိတ်ပါဝင်စားမှုမရှိဘဲ ထိုင်းတိုင်းတိုင်း ဖြစ်နေတာ။

(၁၃) မိဒ္ဓ တဲ့

အဓိပ္ပာယ်က မှိုင်းတိုင်းတိုင်း ဖြစ်နေတဲ့သဘော၊

ထိန နဲ့ မိဒ္ဓ စေတသိက်နှစ်ခုက ပူးတွဲပြီး စိတ်ကိုခြယ်လှယ်တတ်လေ့ ရှိတယ်။

ထိနက ထိုင်းတိုင်းတိုင်း၊ မိဒ္ဓက မှိုင်းတိုင်းတိုင်း။

ထက်ထက်သန်သန် မရှိဘဲ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်ပြီး လုံ့လ၀ီရိယမရှိတဲ့ အဆင့်ထိရောက်အောင် ပျင်းရိနေတာ ထိန မိဒ္ဓ

စေတသိက်တရားတွေ မခံ့ညားအောင် ဟန့်တားတတ်တဲ့သဘော

(လှုပ်ရှားမှုများလို့ ပင်ပန်းပြီး ခန္ဓာကိုယ် ညှိုးနွမ်း အိပ်ချင်တဲ့သဘောက ထိန မိဒ္ဓထဲမှာ မပါဘူး

ဒါက လူ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဒုက္ခတစ်ခုသာ ဖြစ်တယ်။)

အဓိကကတော့ ကိုယ်လုပ်ဆောင်ရမယ့် အလုပ်ပေါ်မှာ လုံ့လ၀ီရိယမရှိဘဲ

ထိုင်းမှိုင်း ပျင်းရိ တွန့်ဆုတ်နေမယ်ဆိုရင်…… ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။

တကယ်လို့ ဘ၀ပြတ်ကြောင်းတရားရဲ့ အဆင့်မြင့် ဉာဏ်စဉ်တစ်ခုကို ကြိုးစားပြီး တည်ဆောက်ရမယ့်

အနေအထားမျိုးမှာ ထိုင်းမှိုင်းပျင်းရိ တွန့်ဆုတ်နေရင် ၀ီရိယမရှိရင်

သိစရာတွေထဲက ဘာအသိကို ဘယ်လိုသိအောင် လုပ်မလဲ?

(၁၄) ယုံမှားဖြစ်နေတဲ့ ၀ိစိကိစ္ဆာ စေတသိက်

လုံးဝမယုံတာမျိုး မဟုတ်ဘူး။ စိတ်ချလက်ချ ယုံတာမျိုးလည်း မဟုတ်ဘူး။ မယုံတစ်ဝက် ယုံတစ်ဝက်၊ ယုံသလိုလို၊ မယုံသလိုလို သံသယပါနေတဲ့ စိတ် စေတသိက်။

သိစရာမှန်သမျှအားလုံးကို ဆရာမပါ ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ အကြွင်းအကျန်မရှိ ထိုးထွင်းပြီး သိတော်မူတဲ့ ဘုရားဆိုတာ တကယ်သိတာ ဟုတ်ရဲ့လား?

ဘုရားဟောတဲ့ တရားတော်တွေအတိုင်း ကျင့်ကြံအားထုတ်လို့ ဘ၀ပြတ်ပြီး နိဗ္ဗာန်ချမ်းသာ ရတယ်ဆိုတာ ဟုတ်ရဲ့လား?

ကံ ကံရဲ့အကျိုးဆိုတာ ယုံသင့်လို့လား?

အကြောင်းရှိလို့သာ အကျိုးဖြစ်တာဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ရဲ့ အကြောင်းအကျိုးစပ်ပုံတွေက ဟုတ်ရဲ့လား?

စတဲ့ မယုံကြည်ဘဲ သံသယဖြစ်နေတာဟာ ယုံမှားခြင်း ၀ိစိကိစ္ဆာအစစ်ပဲ။

ယုံမှားခြင်းမှာ အတုရှိတယ်။ ဒီပါဠိကို မြန်မာအဓိပ္ပာယ် ပြန်ဆိုထားတာကြီးက မှားနေလားမသိဘူး။

ဒီလမ်းကသွားရင် ငါရောက်ချင်တဲ့နေရာကို ရောက်ပါ့မလား?

ဒီလူ့ကြည့်ရတာ အသက်ကြီးလို့သာ လူကြီးဖြစ်နေတာလား၊

အသိဉာဏ်ကြီးတဲ့လူကြီးမှ ဟုတ်ရဲ့လားဆိုတာတွေက တချို့က စဉ်းစားကြံစည်တဲ့ဉာဏ်ပါတယ်။

တချို့က အကြံသက်သက်ပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်

စိတ်ကိုမကောင်းအောင် ခြယ်လှယ်တတ်တဲ့ အကုသိုလ်စေတသိက်ရဲ့ နှိပ်စက်မှုကတော့ လူသားမှန်ရင် ခံနေကြရမှာပဲ။

Next Chapter »