(၇) ထောင်လွှား မောက်မာတဲ့သဘော မာနစေတသိက်

လူတွေဆီမှာ မရှိသင့်တဲ့ စိတ်အမျိုးအစားပဲ။

မရှိသင့်တာကို မသိဘဲ ဒီမာနစိတ်ကို မှားယွင်းစွာ လက်ခံပြီး လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ

မာန်တက်ပြီး မောက်မာစွာ ဆက်ဆံနေတဲ့ စိတ်အမျိုးအစားပဲ။

သေရင်ယူသွားလို့မရတဲ့ ရာထူးစည်းစိမ်၊ ပစ္စည်းဥစ္စာ၊ ပညာ စတာတွေအပေါ်မှာ ငါ့ဟာ ငါ့ဟာ ငါပိုင်တယ် လို့ မှားယွင်းစွာ လက်ခံမိပြီး မာနစိတ်အဖြစ် ပြောင်းရွှေ့သွားတာမျိုးပဲ။

မိမိကိုယ်မိမိ အထင်ကြီးနေသူတွေဟာ သူတစ်ပါးကိုပါ အထင်သေးတတ်တဲ့ မာနစိတ် ထားတတ်တယ်။

ဥစ္စာပစ္စည်း၊ ရာထူးစည်းစိမ်တွေ ရှိပေမယ့် အသိဉာဏ်နည်းသူတွေရဲ့ မာနမျိုး။

ဥစ္စာပစ္စည်း၊ ရာထူးစည်းစိမ်တွေရှိအောင် ရှာပေမယ့် ရှာသလောက် မရမှုအပေါ်မှာ မကျေမနပ် ဖြစ်နေတဲ့သူတွေရဲ့ မာနကျတော့

သေရင် သင်္ချိုင်းရောက်မယ့် လူချင်းအတူတူ ဘာများထူးခြားလို့လဲ ကွာ!

ဆိုပြီး ဘ၀င်မြင့်တာမျိုး။ ဒါဟာ သိသင့်တာကို သိသလိုလိုနဲ့ တကယ် မသိသေးတဲ့မာန

မှားယွင်းတဲ့ အယူတစ်ခုခုကို လက်ခံထားတဲ့မာနလို့ ယူဆရမှာပဲ။

နောက်ထပ်မာနတစ်မျိုးက ကိုယ်လုပ်မှ ကိုယ်စားရတာ၊

ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့မာန၊ ဒီလို မာနမျိုးကို နာမည်ပေးရရင်

ဥစ္စာပစ္စည်းရှိအောင်လည်း မလုပ်ခဲ့ဘူး၊ လုပ်လည်း မလုပ်တတ်ဘူး၊ ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိအောင် မရှာဖွေခဲ့ဖူး။

ဥစ္စာပစ္စည်းမရှိခဲ့ဖူးတဲ့ တချို့သူတွေရဲ့ ကြံဖန်မာန်တက်တဲ့ ပစ္စည်းမဲ့မာနများ ဖြစ်မလား?

ဘယ်လိုပဲဖြစ်ဖြစ် ခံစားမှုဖြစ်စေတဲ့ စိတ်တစ်ခုခုကို အချိန်မီ မတားဆီးနိုင်လို့ ဖြစ်ခွင့်ရပြီး ထပ်ဆင့် ဖြစ်ပွားသွားတဲ့ စေတသိက်တွေပါပဲ။

ဇာတိမာန်၊ ဓနမာန်၊ ပညာမာန်၊ အလှမာန် ဆိုတာတွေက မာနအမျိုးအစားဝင်လို့ပဲ ဆိုရမယ်။

မိမိကိုယ်တိုင် လိုချင်တာကို ရအောင်ယူနိုင်ဖို့ နည်းမျိုးစုံသုံးပြီး ရှာဖွေခဲ့ကြတာချည်းပဲ။

ဒါပေမယ့် ရအောင်ယူနေတုန်းက လောဘနဲ့ဒေါသစိတ်တွေ အခြေခံပြီး ယူခဲ့တာလားလို့ စစ်ဆေးသင့်တယ်။

ကိလေသာကင်းမှ ဘ၀ပြတ်ကြောင်းကို အထောက်အကူ ဖြစ်စေမယ်ဆိုတဲ့ဘက်က လေ့လာကြည့်မယ်။

ကိလေသာထဲမှာ ပါဝင်နေတဲ့ မာနစိတ်မျိုးဆိုရင်တော့ မထားသင့်ဘူးလို့ ဆိုရမှာပဲ။

မိမိရှာဖွေသင်ယူခဲ့တုန်းက မရှိခဲ့တဲ့စိတ်တွေကနေ ပြောင်းရွှေ့ပြီး မာနစိတ်အဖြစ် ရောက်ရှိသွားတာကို ကိုယ်တိုင် သတိမထားမိခဲ့တာလား?

သတိထားမိတဲ့အချိန်မှာ မာနစိတ်က အကျင့်ပါပြီး လျော့ချလို့ မရတော့တာလား?

သေရင်အကုန်လုံး စွန့်လွှတ်ရမယ့်အထဲမှာ မိမိကိုယ်တိုင်ရော၊ မိမိခန္ဓာကိုယ်ကိုပါ စွန့်လွှတ်ရမယ်ဆိုတာ ပါတယ်။

မာန်တက်မယ့်အစား ဆာလောင်သူတွေကို မိမိထဲက တစ်ဝက် ခွဲဝေပေးလိုက်ပါ။

မှောင်နေတဲ့နေရာတွေမှာ မီးထွန်းပေးလိုက်ပါ။