တစ်ဆင့်ပြီးတစ်ဆင့်ရွေ့လျားနေသောစိတ်
တစ်ဇွတ်ထိုးစိတ်
- စိတ်အလိုလိုက်တာများပြီး အကျင့်စရိုက်တစ်ခု အနေအထားထိ ရောက်သွားတဲ့စိတ်အဆင့်။ အထိန်းအချုပ်မရှိတော့ဘဲ လုပ်ချင်တာကို စိတ်တိုင်းကျ အားတက်သရော ကျူးလွန်တဲ့ စိတ်အဆင့်။
တစ်တိတစ်တိစိတ်
- သက်သာတဲ့နေရာမှာ၊ အလုပ်မရှိတဲ့နေရာမှာ အနေများတတ်တဲ့ စိတ်ရဲ့သဘာဝအရ သတိလွတ်တဲ့အခါမှာ သတိရဲ့ ထိန်းချုပ်မှုအောက်က တဖြည်းဖြည်းချင်း မသိမသာ ထွက်သွားတဲ့စိတ်သဘော။
တစ်တပ်တစ်အားစိတ်
- လူသားအကျိုးပြု လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ မိမိဘက်က စွမ်းအားရှိသလောက် ငွေအားဖြစ်စေ၊ လုပ်အားဖြစ်စေ၊ အကြံဉာဏ်ပေးခြင်းဖြစ်စေ ပူးပေါင်းပါဝင်တဲ့ စိတ်အမျိုးအစား။
တစ်နပ်စားစိတ်
- မိမိအကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီး ဘယ်သူ့မျက်နှာမှ စာနာထောက်ထားမှုမရှိဘဲ တစ်ခါတည်းနဲ့ မိမိဘ၀ အဖတ်ဆည်လို့ မရအောင် ညစ်ညစ်ပတ်ပတ် အပွကြံလိုက်တဲ့ စိတ်အဆင့်။
တစ်ပိုင်းတစ်စစိတ်
- ဘာအလုပ်ပဲလုပ်လုပ် ပြီးဆုံးတဲ့အထိ မလုပ်ဘဲ တစ်ဝက်တစ်ပျက်နဲ့ တိုးလိုးတန်းလန်း ထားခဲ့တတ်တဲ့ အကျင့်စိတ်။
တစ်ပတ်ရိုက်စိတ်
- တစ်ဖက်သားကို ယုံကြည်အောင် လိမ်လည်လှည့်ဖြား ပြောဆိုဖြားယောင်းပြီး ယူလို့ရသလောက် အကုန်အစင် ယူသွားတဲ့ အခါမှာ အသုံးချတဲ့ စိတ်အရည်အချင်း။
တစ်ပန်းရှုံးသောစိတ်
- ဒုက္ခသံသရာထဲက လွတ်မြောက်အောင် ရုန်းထွက်နိုင်တာ လူတဲ့။ လူဖြစ်နေတဲ့အချိန်မှာ ရတောင့်ရခဲ အခွင့်အရေး တစ်ခုပဲ။ ဒီအခွင့်အရေးကို ယူရကောင်းမှန်း မသိဘဲ နေ့တစ်နေ့ရဲ့ ၂၄ နာရီအချိန်တွေကို အဓိပ္ပာယ်မဲ့ ဖြုန်းတီးနေရင်တော့ ဘ၀သစ် တစ်ဖန် ပြန်မဖြစ်အောင် အားထုတ်နေတဲ့သူတွေနဲ့ ယှဉ်ရင် အားမထုတ်တဲ့သူက တစ်ပန်းရှုံးနေတဲ့ အရှုံးစိတ်။
တစ်ပန်းသာသောစိတ်
- ခန္ဓာကိုယ်အကြောင်း၊ စိတ် စေတသိက်တွေအကြောင်း၊ အရာရာဟာ ခဏလေးပဲ ဖြစ်ခွင့်ရှိနေတဲ့ သဘာဝ အကြောင်းတွေကို သဘောပေါက်နေတဲ့သူတွေဟာ နေ့တစ်နေ့ရဲ့ ၂၄ နာရီထဲက အချိန်တွေကို တန်ဖိုးရှိအောင် အသုံးချတတ်နေတော့ မသိတဲ့သူနဲ့ ယှဉ်ရင် သိတဲ့သူက တစ်ပန်းသာနေတဲ့ အနိုင်စိတ်။
တစ်ပုံစံတည်းမဟုတ်သောစိတ်
- စိတ်ရဲ့သဘာဝကိုက လက်တစ်ဖျစ်တီးမှာ ကုဋေတစ်သိန်း ဖြစ်ချုပ်ပျောက်နေတယ်လို့ မြတ်စွာဘုရားက ဟောထားတယ် ဆိုတော့ တစ်သမတ်တည်း မဟုတ်တာ သေချာနေတဲ့ စိတ်အမျိုးအစား။ တည်ငြိမ်နေတယ်ဆိုရင်တောင် တစ်ခုပြီးတစ်ခု တည်ငြိမ်မှု အဆင့်တွေ ပြောင်းရွှေ့နေတဲ့ စိတ်သဘော။