တင်းမာသောစိတ်
- အကြောင်းတစ်ခုခုနဲ့ တိုက်ဆိုင်ပြီး ဒေါသစိတ်တစ်ခု ဖြစ်ခွင့်ရသွားတယ်။ ဖြစ်ခွင့်ရလို့ ဖြစ်ပြပြီးတဲ့စိတ်က သဘာဝအရ မရှိတော့ဘူးနဲ့ အဆုံးသတ်သွားမှာပဲ။ ဒါပေမယ့် သတိစိတ်က မရှိတော့ ၀င်လာတဲ့စိတ်ကို မဖယ်ထုတ်မိဘူးဆိုတော့ ထပ်ဆင့်ပွား ဖြစ်ခွင့်တွေ ပေးလိုက်သလို ဖြစ်သွားတယ်။ ဖြစ်ခွင့်ရတဲ့ စိတ်အစဉ်ကလည်း ဖြတ်တောက်ဖယ်ရှားမှုတွေ မရှိတော့ အရှိန်ရသလောက် ဆက်ကာ ဆက်ကာ ဖြစ်ပြရင်း ဒေါသစိတ်ထုထည်က ကြီးသထက် ကြီးထွားလာတယ်။ နောက်ဆုံးတော့ ပေါက်ကွဲထွက်တော့မယ့် အထိ ရောက်သွားတဲ့ စိတ်အဆင့်။
တောင်စဉ်ရေမရစိတ်
- ရည်ရွယ်ချက် အတိအကျမရှိတဲ့ အကြောင်းအရာတွေကို အချိန်အကုန်ခံပြီး စဉ်းစားနေတဲ့ အညံ့စား စိတ်အမျိုးအစား။
တောင်တောင်အီအီစိတ်
- ဘယ်လိုအကြောင်းအရာကို စဉ်းစားတွေးတောနေမှန်း အတိအကျဖော်ပြလို့မရအောင် မရေမရာ၊ ဟိုလိုလို ဒီလိုလို၊ တောင်မကျ၊ မြောက်မကျ အပေါစား စိတ်အမျိုးအစား။
တောင့်ခံသောစိတ်
- လူတွေကြားထဲမှာ နေနေရတယ်ဆိုတော့ လူပေါင်းစုံရဲ့ အာရုံခြောက်ပါးနဲ့ ပတ်သက်တဲ့ ကာမဂုဏ် အာရုံတွေက ထောင့်ပေါင်းစုံကနေ ကြားဖြတ်ဝင်ရောက် ထိုးနှက်ဖျက်စီးဖို့ ချောင်းနေကြတယ်။ စောင့်ကြည့်သိမှတ်တဲ့ စိတ်အလုပ်ကလည်း ဆက်တိုက် လုပ်နေရတော့ ပင်ပန်းသလိုဖြစ်နေပြီ။ ဒါပေမယ့် ရအောင် သိကျင့်ကြည့်မယ်ဆိုတဲ့ စိတ်အသိနဲ့ ဘာ့ကြောင့်ပဲဖြစ်ဖြစ် မပျက်စေရဘူး ဆိုတဲ့ သတိစိတ်က ပူးပေါင်းပါဝင်ပြီး တောင့်ခံနေတဲ့စိတ်။
တောင့်မခံသောစိတ်
- စိတ်ပျက်လွယ်တဲ့သူတွေဟာ ဘာမှမလုပ်ရသေးခင် မဖြစ်နိုင်ပါဘူးလေဆိုပြီး စိတ်ကို လျှော့ချလိုက်တဲ့ စိတ်အမျိုးအစား။
တောင့်တသောစိတ်
- ဖြစ်ခဲ့ပြီးသား အဖြစ်အပျက်တွေထဲက မဖြစ်သေးတဲ့အနေအထားထဲက ဖြစ်ချင်နေတာကို လိုချင်နေတဲ့ စိတ်အမျိုးအစား။
တောင်းခံနေသောစိတ်
- မိမိကိုယ်မိမိ အားကိုးပြီး မိမိလိုချင်တာကို ရအောင်ယူနိုင်တဲ့နည်းကိုသုံးပြီး ရအောင်ယူတဲ့ အနေအထားမျိုး မဟုတ်ဘဲ သူတစ်ပါးကို အားကိုးပြီး ပေးပါလို့ တောင်းခံနေတဲ့ သနားစရာစိတ်ပုံစံ။
တောင်းပန်သောစိတ်
- အမှားလုပ်တတ်တဲ့သူတွေ၊ အလွယ်တကူ ဆွဲယူအသုံးချလေ့ရှိတဲ့ အခမဲ့ စိတ်လက်နက်။
တစ်ကိုယ်ကောင်းစိတ်
- မိမိတစ်ဖက်တည်းကိုသာ ကြည့်တတ်တဲ့ အတ္တကြီးသူတွေရဲ့ စိတ်အရည်အချင်း။
တစ်ကျိတ်တည်းတစ်ကြံတည်းစိတ်
- ကောင်းတဲ့အမှုကိစ္စပဲဖြစ်ဖြစ်၊ မကောင်းတဲ့အမှုကိစ္စကိုပဲဖြစ်ဖြစ်၊ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူချင်းရဲ့ စိတ်သဘောထားတွေဟာ ဆိုးတူကောင်းဖက် အညီအမျှ ဖြစ်နေတဲ့ စိတ်အနေအထား။
တစ်ခဏချင်းပြောင်းရွှေ့နေသောစိတ်
တစ်ခါသေဖူးပျဉ်ဖိုးနာလည်စိတ်
- ဒုက္ခတစ်ခု ကြုံဖူးတယ်ဆိုရင် အဲဒီဒုက္ခနဲ့ပတ်သက်ပြီး ဒုက္ခဘာ့ကြောင့်ဖြစ်တယ်။ ဒုက္ခဖြစ်ပြီဆိုရင် ဘယ်လောက်ထိ ခံရတယ်။ ဒုက္ခက လွတ်မြောက်အောင် ဘယ်လိုလုပ်ရင် ရတယ်ဆိုတဲ့ ဒုက္ခသဘောကို သဘောပေါက်သွားတာမျိုး။ စိတ်ကို စောင့်ကြည့် သိမှတ်နေတဲ့အခါမှာလည်း ပစ္စည်းခြောက်ခုနဲ့ ပတ်သက်တဲ့အာရုံခြောက်ပါးဟာ ဘယ်အချိန်မှာ စိတ်ချင်း စိတ်ချင်း လာထိတယ်။ လာထိတဲ့စိတ်က ဘယ်လို ခံစားမှုမျိုးကို ဖြစ်စေတယ်။ ခံစားမှုကတစ်ဆင့် လိုချင်တပ်မက်စိတ် စွဲလမ်းစိတ်စတဲ့ စိတ်အဆင့်ဆင့်တွေ ဘယ်လို ပုံစံပြောင်းရွှေ့သွားတယ်။ ဘယ်အချိန်မှာ စိတ်အစဉ်ကို ဖြတ်တောက်နိုင်ရင် စိတ်ရဲ့နှိပ်စက်မှုက လွတ်မြောက်နိုင်တယ်ဆိုတဲ့ စိတ်သဘောကို သဘောပေါက်သွားတဲ့စိတ်။