ပုံမှားရိုက်စိတ်
- ဘယ်ဘက်က အခွင့်အရေးပိုပြီး ရနိုင်မလဲ? ဘယ်ဘက်က ပိုပြီး အဆင်ပြေအကျိုးရှိနိုင်မလဲ? သာတဲ့ဘက်ကို အလွယ်တကူ ကူးပြောင်းပြီး ပုံမှားရိုက်ဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ စိတ်ပုံစံ။
ပုံသေကားကျစိတ်
- အပြောင်းအလဲမရှိ၊ စည်းကမ်းနဲ့အညီ အစဉ်အလာ ပုံသေနည်းအတိုင်း လက်ခံပြီး ပုံသွန်းထားတဲ့အတိုင်း ဖြစ်နေတဲ့ စိတ်အနေအထား။
ပုံအပ်ထားသောစိတ်
- ဂေါတမမြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ကျင့်နိုင်ရင် ကျင့်နိုင်သလောက် စိတ်ဒုက္ခထဲက လွတ်မြောက်စေတဲ့ အသိဉာဏ်တွေ ရရှိခဲ့တာကြောင့် အသိတရားတော်နဲ့ သတိတရားတော်တွေရဲ့ သြဇာကို ခံယူထားတဲ့ မှတ်သားစိတ် အနေအထား။ သမ္မာသမ္ဗုဒ္ဓေါရဲ့ အသိဉာဏ်ပညာတော်။ ၀ယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထဆိုတဲ့ အဆုံးအမနဲ့အညီ သင်္ခါရတရားတွေရဲ့ ပျက်စီးတတ်တဲ့သဘောတွေကို မမေ့မလျော့ အားထုတ်ရမယ့် သတိဉာဏ်တော်တွေရဲ့ သြဇာကို မှတ်သားခံယူ ယုံကြည်စွာ ပုံအပ်ထားတဲ့စိတ်။
ပယ်ထုတ်ထားသောစိတ်
- ယုံကြည်မှုနဲ့ အလုပ်လုပ်နေတဲ့အခါမျိုးမှာ ဟုတ်ပါ့မလားဆိုတဲ့ သံသယစိတ်တွေ ပယ်ဖျက်ထားလို့ မယုံသင်္ကာစိတ်ဆိုတာ မရှိဘူး။ ပယ်ရှားထားလို့ သံသယစိတ် မဖြစ်ဘူး။ မယုံမကြည် မသင်္ကာတဲ့ သံသယတွေ ပယ်ထုတ်ထားတဲ့စိတ်။
ပျာယာခတ်သောစိတ်
- စိတ်ကိုတည်ငြိမ်ခိုင်ခံ့အောင် တည်ဆောက်ထားနိုင်တဲ့ အနေအထားမျိုး မရှိသေးရင် အရာရာဟာ ခဏလေးသာ ဖြစ်ပြပြီး မရှိတော့ဘူးနဲ့ အဆုံးသတ်နေတဲ့ သဘာဝကို မသိသေးရင် အာရုံခြောက်ပါးကြောင့် စိတ်ထဲဝင်လာတဲ့ အာရုံတွေနဲ့ စိတ်နဲ့ စိတ်ချင်း ထိတွေ့တဲ့အခါမှာ အရှိန်ပြင်းရင် ပြင်းထန်သလောက် ပျာပျာသလဲဖြစ်တတ်တယ်။ ပျာယီးပျာယာ ဖြစ်တတ်တယ်။ ပျာလောင်ခတ်နေတတ်တယ်။ ပျားပန်းခပ် လှုပ်ရှားနေတတ်တယ်။
ပျူငှာစိတ်
- ဘယ်သူနဲ့ပဲတွေ့တွေ့ မိမိဘက်က ယဉ်ကျေးသိမ်မွေ့တဲ့၊ ခင်မင်ရင်းနှီးတဲ့၊ လက်ကမ်းကြိုဆိုတဲ့ စိတ်ကို ကြိုတင် လမ်းခင်းပေးထားတဲ့ ပျူငှာစိတ်။
ပျော့ညံ့စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေတဲ့ ပျော့စိပျော့ညက်စိတ်၊ ပျော့ဖပ်ဖပ်စိတ်။
ပျော့ပျောင်းစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေတဲ့ နူးညံ့သိမ်မွေ့ ပျော့ပျောင်းစိတ်။
ပျော်ရွှင်ကြည်နူးစိတ်
- ပျော်ရွှင်တတ်တဲ့ စိတ်ရှိသူတွေရဲ့ စိတ်တွေဟာ ပျော်မြူးနေသလို ပျော်မွေ့နေတဲ့အသိနဲ့ အမြဲတမ်း ပျော်ရွှင်ကြည်နူးပြီး ပျော်ပါး လန်းဆန်းနေတဲ့ စိတ်တွေဖြစ်နေတယ်။
ပျံတံတံနန့်တန့်တန့်စိတ်
- အုပ်ထိန်းသူတွေရဲ့ အထိန်းအကွပ် အဆုံးအမတွေကို နွေးနွေးထွေးထွေး မရကြတဲ့ မိန်းကလေးတွေဟာ လူနဲ့ လူ့ပတ်ဝန်းကျင်ထဲမှာ လူတစ်ယောက်အနေနဲ့ ဘယ်လိုယဉ်ကျေး သိမ်မွေ့မှုတွေနဲ့ နေထိုင်ပြောဆို လှုပ်ရှားသွားလာရမယ်ဆိုတဲ့ ကျင့်ဝတ်တွေကို မသိရှာကြဘူး။ ပြုပြင်ထိန်းသိမ်း တည့်မတ်ပေးမယ့်သူကလည်း မရှိတော့ စိတ်လွတ်ကိုယ်လွတ် နေချင်သလိုနေရင်း အကျင့်ပါသွားတဲ့ စိတ်အမျိုးအစား။
ပျံဝဲသောစိတ်
- အညှီရှိတဲ့နေရာမှာ ယင်အုံပျံဝဲတယ်။ ကာမဂုဏ်အာရုံရှိတဲ့နေရာတွေမှာ လိုချင်တပ်မက်တဲ့ တဏှာစိတ်တွေ အရူးအမူး ပျံဝဲတယ်။
ပျံ့လွင့်စိတ်
- စိတ်ရဲ့သဘာဝက တစ်နေရာတည်းမှာ မနေဘူး။ ပျံ့လွင့်နေတတ်တယ်။ အထိန်းအချုပ်မရှိဘဲ လွှတ်ထားပေးရင်တော့ ပျံ့လွင့်တဲ့အဆင့်ကနေ စိတ်ကိုပြန်ခေါ်လို့ မရတော့တဲ့အထိ ကစဥ့်ကလျား ပျက်စီးသွားနိုင်တယ်။ အဲဒါဆိုရင်တော့ စိတ်ရောဂါ အထူးကု ဆရာဝန်ရှေ့ကို ရောက်သွားမှာပဲ။