ရုန်းရုန်း ရုန်းရုန်းစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ စိတ်လေ့ကျင့်ခန်းကို ပထမဆုံးအကြိမ် အားထုတ်တဲ့အခါမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတတ်တယ်။ စိတ်ထဲကို ၀င်လာသမျှ စိတ်တွေကို ဘယ်လိုအသိနဲ့ တားဆီးရမယ်။ ဖယ်ထုတ်ပစ်ရမယ်ဆိုတာတွေကို မသိသေးလို့ ဖြစ်တာပဲ။ စိတ်ထဲကိုဝင်လာသမျှ စိတ်တွေနဲ့အတူ မျောပြီးပါသွားလိုက်၊ မျောပါသွားရာကနေ ထပ်ဆင့်ပွားပြီး ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေဆီ ပျံ့လွင့်သွားလိုက်။ ပြီးတော့ အတွေးအဆင့်ရောက်ပြီး မကျေနပ်ခဲ့တဲ့စိတ်တွေကနေ ဒေါသတွေဖြစ်လိုက်၊ ဒါတွေဟာ စိတ်သဘောကို မသိသေးလို့ပဲ။ အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်သဘာဝတွေ၊ မိမိခန္ဓာကိုယ်ရဲ့သဘောတွေကို မသိသေးလို့ ရုန်းရုန်း ရုန်းရုန်းဖြစ်လိုက်၊ ရုန်းရင်းဆန်ခတ် ဖြစ်လိုက်၊ ဖြစ်နေတဲ့ စိတ်ပုံစံ။
ရိပ်ကာသီကာစိတ်
- ရိပ်ကာသီကာ သိတဲ့စိတ်ဟာ ရိပ်ခနဲ သတိထားမိသွားတဲ့ စိတ်ကြောင့်ပဲ။ ရိပ်ခနဲ သတိထားမိတာကို ထပ်ဆင့်ပွားပြီး သိကြည့်ရင် စိတ်သဘောတွေရဲ့ အထာကို ရိပ်မိလာတယ်။ စိတ်ဆိုတာ ခန္ဓာကိုယ်ရှိလို့ ဖြစ်ခွင့်ရတာ။
ရုပ်ပျက်ဆင်းပျက် ပျက်စီးသွားသောစိတ်
- အာရုံခြောက်ပါးနဲ့ ပတ်သက်ပြီး စိတ်အလိုဆန္ဒကို အထိန်းအချုပ်မရှိဘဲ ပစ်စလက်ခတ် လိုက်လျောမိလို့ သုံးမရအောင် ပျက်စီးသွားတဲ့စိတ်။
ရုပ်သေးကြိုးပြတ် ပြုတ်ကျသွားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပေမယ့် အဲဒီခေါင်းစဉ်နဲ့အညီ ဖြစ်သွားတဲ့အထိတော့ စိတ်ရဲ့ အနိုင်ကျင့် နှိပ်စက်မှုကို မခံသင့်ဘူးလို့ ဖြည့်စွက် သတိပေးပါရစေ။
ရမ္မက်ကြီးသောစိတ်
- နေရာတိုင်းမှာ အရာရာတိုင်းကို လူ့စည်းကမ်း၊ စိတ်စည်းကမ်းထက် ကျော်လွန်ပြီး လိုချင်တပ်မက်စိတ် ပြင်းထန်လွန်းတဲ့ အဆင့်ရောက်သွားတဲ့ စိတ်အမျိုးအစားပဲ။
ရမ်းကားသောစိတ်
- မိမိလိုချင်တာမရတဲ့အခါမှာ ရအောင်ယူတော့မယ်လို့ လောဘစိတ်ဝင်လာရင် ရမ်းကားတဲ့အဆင့် ရောက်သွားတဲ့ စိတ်သဘော။
ရမ်းရော်သောစိတ်
- တိကျသေချာမှု မရှိတဲ့အရာဟာ ရမ်းသန်းပန်းသန်း အဆင့်ကို ရောက်သွားတယ်။ မိမိကိုယ်တိုင် လက်တွေ့မြင်ရတာမျိုး မဟုတ်ဘဲ တစ်ဆင့်ကြားတဲ့စကားကို ကိုယ်တိုင်တွေ့ခဲ့သလို ရမ်းတုတ် ပြောဆိုနေတဲ့အချိန်မှာ ဖြစ်နေသော စိတ်အနေအထား။