ရင်ထုမနာဖြစ်နေသောစိတ်
- ဖြစ်ခဲ့ပြီးတဲ့ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး ပြန်သတိရတိုင်း မကျေမနပ်နဲ့ နာကျင်စွာ ခံစားနေရတဲ့ စိတ်အမျိုးအစား။
ရင်နင့်အောင်ခံစားလိုက်ရသောစိတ်
- မိမိဖြစ်ချင်တဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်လာမှာပဲလို့ တထစ်ချ ယုံကြည်စွာ လက်ခံထားတာတွေ တစ်ခုမှ ဖြစ်မလာတဲ့အခါမှာ စူးစူးနစ်နစ် မြှုပ်နှံထားတဲ့ စိတ်အသိတွေ၊ အချိန်တွေကို ပြန်တွေးမိပြီး ခံစားနေရတဲ့ စိတ်အနေအထား။
ရင်ဖိုလှုပ်ရှားနေသောစိတ်
- မိမိဘ၀အတွက် အပြောင်းအလဲတစ်ခု ဖြစ်သွားစေမယ့် အခြေအနေကို သိနေတဲ့စိတ်နဲ့ တစ်စုံတစ်ရာကို မျှော်လင့်နေတဲ့အချိန်မှာ ဖြစ်နေတဲ့ စိတ်ပုံစံ။
ရင်လေးစွာစောင့်မျှော်နေသောစိတ်
- သိချင်တဲ့အဖြေတစ်ခုနဲ့ ပတ်သက်ပြီး သိသင့်သလောက် သိနေပေမယ့် သိတဲ့အတိုင်း ဖြစ်မယ်၊ မဖြစ်ဘူး၊ မသေချာသေးတဲ့ အချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အဆင့်။
ရင်သပ်ရှုမော အံ့သြနေသောစိတ်
- တစ်စုံတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ အတိုင်းအတာထက် ကျော်လွန်တဲ့ အနေအထားမျိုးကို လုပ်ပြနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့၊ မထင်ခဲ့ဘူးပေမယ့် အဲဒီ တစ်စုံတစ်ယောက်ရဲ့အစွမ်းကို ကိုယ်တိုင် လက်တွေ့ မြင်လိုက်ရတဲ့အချိန်မှာ ဖြစ်သွားတဲ့ စိတ်အနေအထား။
ရင်အေးသွားသောစိတ်
- ကောလာဟလ သတင်းစကားတွေကြောင့် ဆိုးရွားလွန်းတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီလို့ ထင်ထားပေမယ့် ကိုယ်တိုင် လက်တွေ့ မြင်လိုက်ရတဲ့အခါမှာ ထင်သလို မဟုတ်ဘဲ ကြားခဲ့တဲ့ သတင်းတွေနဲ့ တခြားစီ ဖြစ်နေလို့ စိတ်အေးသွားတဲ့စိတ်။
ရင့်ကျက်နေသောစိတ်
- အသက်အရွယ်ကြောင့်ရယ်၊ ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းကျော်လွှားခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေကြောင့်ရယ်၊ အရာရာရဲ့ ပြီးတော့လည်း ဘာမှမဟုတ်ပါဘူးဆိုတဲ့ သဘာဝရဲ့ အဆုံးသတ်မှုတွေကို သဘောပေါက်သွားလို့ရယ်၊ တုန်လှုပ်ခြင်းမရှိတော့ဘဲ ငြိမ်သက်သွားတဲ့ အဆင့်။
ရင့်သီးတတ်သောစိတ်
- ပညာဂုဏ်၊ ပစ္စည်းဂုဏ်၊ ဓနဂုဏ်၊ အာဏာဂုဏ်စတဲ့ ဂုဏ်တစ်ခုခုကို အသိဉာဏ်မရှိစွာ မက်မောနေတတ်တဲ့သူတွေဟာ လူမှုဆက်ဆံရေးတွေမှာ အဲဒီခေါင်းစဉ်နဲ့ စိတ်အမျိုးအစားကို ထုတ်သုံးတတ်တယ်။
ရင်းရင်းနှီးနှီးဆက်ဆံတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရောင့်တက်တတ်သောစိတ်
- “ခွေးကိုအရောဝင်ရင် ပါးလျက်နားလျက်တဲ့။ လူကို အရောဝင်ရင် ခေါင်းပေါ်တက်” တဲ့။ ဒါရှေးတုန်းက ရှိခဲ့တဲ့ စကားတစ်ခု။ လိုတာထက် ပိုပြီး အရောဝင်လွန်းရင် သတ္တ၀ါဆိုတဲ့အမျိုးက အခွင့်အရေး ယူတတ်တာကို ဆိုလိုတဲ့ စိတ်အမျိုးအစား။
ရောင့်ရဲတင်းတိမ်နိုင်သောစိတ်
- လိုချင်တဲ့အရာတစ်ခုကို ရှာဖွေတဲ့နေရာမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒကိုသာ ဦးစားပေးပြီး ဆန္ဒစိတ်ကို ထိုက်ထိုက်တန်တန် အသုံးချတယ်။ ရှာဖွေလို့ရလာတဲ့ အရာပေါ်မှာလည်း လောဘစိတ်ဝင်ပြီး လိုချင်သလောက် မရဘူးကွာဆိုတဲ့ စိတ်ပင်ပန်းမှုမျိုး အဖြစ်မခံဘဲ မိမိအရည်အချင်းနဲ့ မိမိဆန္ဒအရ ထိုက်တန်တာကိုသာ ရရှိတာလို့ ကျေနပ်ပေးတဲ့ စိတ်အနေအထား။
ရိုင်းစိုင်းစိတ်
- ရိုင်းပျတဲ့ စိတ်အနေအထားရှိတဲ့သူရဲ့ အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုတွေဟာ ရိုင်းစိုင်းနေတဲ့ စိတ်ကြောင့်ပဲ။
ရိုင်းပင်းကူညီစိတ်
- မြင်သမျှ၊ ကြားသမျှ၊ စိတ်ကူးကြံစည်လို့ ရသမျှတွေထဲက အကူအညီလိုရင် လိုသလို ပူးပေါင်းပါဝင် ကူညီတတ်တဲ့ စိတ်မျိုး။
ရည်စူးပြီး သတိရသောစိတ်
- မိမိဘ၀နဲ့ပတ်သက်တဲ့ အရေးတကြီး အထင်ကရ ဖြစ်ခဲ့သူတွေကို အကြောင်းတိုက်ဆိုင်တိုင်း အာရုံပြုမိတဲ့ စိတ်အဆင့်။