ရီဝေသောစိတ်
- စိတ်ထဲကို ၀င်လာတဲ့ အာရုံတစ်ခုနဲ့ပတ်သက်ပြီး ကြည်လင်ပြတ်သားမှု မရှိတော့ဘဲ ရီဝေေ၀ဖြစ်သွားတဲ့စိတ်။ ရှင်းလင်းကွဲပြားမှု မရှိတော့ဘဲ ရီဝေမှုန်ဝါးသွားတဲ့စိတ်။ (ရုတ်တရက်ဝင်လာတဲ့ အာရုံကို လက်ခံပြီး ခံစားလိုက်လို့ မူရင်းစိတ်ကနေ ရီဝေတဲ့ စိတ်အနေအထားကို ပြောင်းရွှေ့သွားတာပဲ။)
ရူးကြောင်မူးကြောင်စိတ်
- ကာမဂုဏ်အာရုံတစ်ခုခုထဲမှာ မျောနေတာကို ချက်ချင်း ဖြတ်တောက်လို့မရဘဲ အရှိန်ကျန်နေသေးရင် လက်ရှိအချိန်မှာ ရှိသင့်တဲ့ စိတ်အနေအထားကိုလည်း ချက်ချင်း စုစည်းလို့ မရနိုင်ဘူး။ မျောခဲ့တဲ့ ကာမဂုဏ်အာရုံထဲမှာ ရူးခဲ့တဲ့ အတွေးကြောင့် ကြောင်တောင်တောင် ဖြစ်နေတဲ့ စိတ်အရှိန်။
ရူးရူးမိုက်မိုက်စိတ်
- မှန်တယ်၊ မှားတယ် ချင့်ချိန်မှုမရှိဘဲ မိမိလုပ်ချင်နေတာ တစ်ခုတည်းကိုသာ တစ်ဇွတ်ထိုး လုပ်တတ်တဲ့ စိတ်အမျိုးအစား။
ရူးသွပ်သောစိတ်
- စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်၊ ဘာပဲလုပ်လုပ် ဒီစိတ်။ မိမိစိတ်ကူးထားတဲ့ အလုပ်တစ်ခုတည်း အပေါ်မှာ စွဲလမ်းပြီး ရူးသွပ်စွာ စိတ်ဝင်စားနေတဲ့ စိတ်အမျိုးအစား။
ရေကုန်ရေခန်းစိတ်
- အခွင့်အရေးများရလို့ကတော့ အသေအကြေ အစွမ်းပြမယ်လို့ မူလတည်းက မျှော်လင့်ထားတဲ့စိတ်ကြောင့် တကယ့် အခွင့်အရေးကို ရလာတဲ့အခါမှာ ရှိသမျှ အင်အားတွေ အကုန်လုံးထုတ်သုံးပြီး နေ့မနားညမနား ရေကုန်ရေခန်း အလုပ်လုပ်နေတဲ့ စိတ်အမျိုးအစား။
ရေငုံနှုတ်ပိတ်စိတ်
- ဘယ်သူက ဘယ်လိုပုံစံနဲ့မေးမေး ဘာမှမပြောဘဲ ပါးစပ်ပိတ်ထားတဲ့စိတ်။
ရေစီးကမ်းပြိုလိုက်လျောစိတ်
- ပေးစရာရှိရင် ဘာတစ်ခုမှ ချန်မထားဘဲ ရှိသမျှ အကုန်လုံးထုတ်ပေးတဲ့ စိတ်အနေအထား။
ရေစုန်မျောစိတ်
- ဖြစ်ချင်ရာ ဖြစ်တော့! ဆိုပြီး စိတ်အစဉ် အကုန်လုံးကို လွင့်ချင်ရာလွင့်၊ ရောက်ချင်ရာရောက်၊ ထိန်းချုပ်မှု မထားတော့ဘဲ ရေစုန်မျော လွှတ်ပေးလိုက်တဲ့ စိတ်အလျဉ်။
ရေဆုံးမြေဆုံးစိတ်
- သိစရာရှိတာတွေထဲက ဘယ်လောက် အတိုင်းအတာထိ သိမှဖြစ်မယ် ဆိုတာကို သိပြီး သိကိုသိရမယ့် ပညာရပ်ရဲ့ အနက်ရှိုင်းဆုံး အဆုံးစွန်ထိ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ရှာဖွေသင်ယူ လက်တွေ့လေ့ကျင့် စိတ်အဆင့်။
ရေနစ်နေသူ ၀ါးကူထိုးစိတ်
- မိသားစုတစ်ခုလုံးကို တာဝန်ယူပေးနေတဲ့ သားဖြစ်သူက ကားမှောက်ပြီးသေ၊ နေတဲ့အိမ်ကိုမီးကလောင်၊ စိတ်ရော လူပါ ချွတ်ခြုံကျနေတဲ့ အချိန်မှာ ကြွေးရှင်က အကြွေးလာတောင်းရင် . . . .
ရေမျောကမ်းတင်စိတ်
- ရေစီးချောင်းနဲ့အတူ မျောပါလာတဲ့ အမှိုက်ဟာ မသေချာတဲ့ တစ်နေရာရာမှာ ကမ်းပေါ် တင်ကျန်ရစ်တယ်။ နောက်ထပ် ရေစီးချောင်း အရှိန်နဲ့ တင်ကျန်ခဲ့တဲ့ အမှိုက်က မျောပြီး ပါသွားပြန်ရော။ နောက်တစ်နေရာရောက်တော့ တင်ကျန်ခဲ့ပြန်ရော။ နေရာ အတည်အကျ မရှိဘူး။ မရေရာဘူး။ မသေချာဘူး။ မိမိရဲ့ စိတ်အနေအထားကရော တိကျလား? ရေရာလား? သေချာလား? ရေမျောကမ်းတင်စိတ်လား?
ရေပွက်ပမာစိတ်
- အရာရာဟာ ရေပွက်ပမာပါပဲ။ ရေပွက်ဆိုတာ သိတဲ့အတိုင်း ခဏလေးထပွက်တဲ့ သဘောကို ဥပမာပေးတဲ့စိတ်။ မိမိစိတ်ကို စောင့်ကြည့်သိမှတ်ကြည့်ရင် အရာရာရဲ့ ပျက်စီးမှုဟာ ရေပွက်ပမာ ထပွက်တာထက် အဆပေါင်းများစွာ မြန်နေတယ်။
ရေလာမြောင်းပေးစိတ်
- ရေ၀င်လာစေချင်ရင် မြောင်းဖော်ပေးလိုက်ပါ။ မိမိသဘောဆန္ဒကို တစ်ဘက်လူ လက်ခံစေချင်ရင် တစ်ဘက်လူ လက်ခံနိုင်တဲ့ အရင်းအနှီးကို ရင်းနှီးပြီး လမ်းကြောင်းခင်းပေးလိုက်ပါ။