ဝူးဝူးဝါးဝါးစိတ်
- ပြဿနာတစ်ခု ဖြစ်တဲ့နေရာကို ကမူရှုးထိုးရောက်လာပြီး ပြဿနာ ဘာ့ကြောင့်ဖြစ်တယ်ဆိုတဲ့ ကြောင်းရာဇစ်မြစ်ကို အသေအချာ မေးမြန်း စုံစမ်းတာတွေ မလုပ်ဘဲ ပြောချင်ရာတွေပြော စွပ်စွဲချင်ရာတွေ စွပ်စွဲပြီး တစ်ဖက်သတ် ဆုံးဖြတ် လှုပ်ရှားနေတဲ့ ၀ူးဝူးဝါးဝါး စိတ်အနေအထား။
ဝေငှချင်သောစိတ်
- မိမိမှာရှိတဲ့ အထဲက တစ်ဖက်သားကို ဝေစားမျှစား ပေးဝေချင်နေတဲ့ လူသားချင်း စာနာစိတ်အမျိုးအစား။
ဝေဒနာစိတ်
ဝေဖန်တတ်သောစိတ်
- မိမိမလုပ်နိုင်တဲ့ အလုပ်တွေကို ရှေ့ဆောင်ပြီး အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့သူကို အမှား အမှန် ထောက်ပြဝေဖန် ပေးခြင်းဖြင့် ဂုဏ်ပြုတဲ့ စိတ်အမျိုးအစား။ (လူဆိုတဲ့ အမျိုးက မှားတတ်ကြတယ်။ တစ်ခါတလေ မိမိမှားနေတာကို မိမိကိုယ်တိုင် သတိမထားမိလို့ မသိတဲ့အခါမျိုးမှာ အပြုသဘောနဲ့ အမှားကို ထောက်ပြဝေဖန်တတ်တဲ့ စိတ်အရည်အချင်းကို အသိအမှတ်ပြု လက်ခံကြိုဆိုရမယ်။)
ဝေ့လည်လည်ဖြစ်နေသောစိတ်
- ဝေ့၀ိုက်နေတဲ့စိတ်၊ ဝေ့လည်ကြောင်ပတ်စိတ်။ ဒီစိတ်အမျိုးအစားသုံးခုလုံးဟာ တိကျသေချာမှု လုံးဝမရှိဘဲ ဘယ်နေရာမှာမှ အသုံးမ၀င်တဲ့ အပေါစား၊ အညံ့စား စိတ်တွေပါပဲ။
ဝံသာနုရက္ခိတစိတ်
- မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်တဲ့၊ တန်ဖိုးထားတဲ့ မျိုးချစ်စိတ် အမျိုးအစား။
ဝိုးတ၀ါးဖြစ်နေသောစိတ်
- မျက်စိမှုန်နေရင် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ စိတ်အသိဉာဏ် အားနည်းနေရင်၊ အသိ-သတိ အားနည်းနေရင်၊ အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာသမျှ စိတ်တွေကို အမှားအမှန် ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြား မသိနိုင်တော့ဘူး။ အဲဒီအဆင့် ရောက်သွားရင် စိတ်ပေါင်းစုံရဲ့ နှိပ်စက်မှုကို ခံရပြီသာမှတ်တော့!
ဝင်စားနေသောစိတ်
- မိမိလက်ရှိ လုပ်နေတဲ့ အလုပ်ထဲမှာ စိတ်ဝင်စားနေမှန်း မိမိကိုယ်တိုင် သတိထားမိနေတဲ့ စိတ်အမျိုးအစား။ (ဒီလိုသာ ဘာပဲလုပ်လုပ် သိနေအောင် သိနိုင်တဲ့ အားထုတ်မှုရှိရင် ဒုက္ခထဲက လွတ်မြောက်နိုင်တဲ့နည်းကိုပါ ရှာတွေ့ပြီးသား ဖြစ်နေလိမ့်မယ်။)
ဝင်စွက်ဖက်စိတ်
- နေရာတကာ ပါချင်တဲ့သူမှာ ရှိနေတတ်တဲ့ စိတ်အမျိုးအစား။ ပြဿနာတစ်ခုခုဖြစ်ရင် ကျေနပ်နပ်၊ မကျေနပ်နပ် ၀င်ပြီး စွက်ဖက်လိုက်ရမှ။ တကယ် ဖြေရှင်းနိုင်တဲ့ အရည်အချင်းရော ရှိလို့လား? ဆိုပြန်တော့လည်း တိတိကျကျ သိတာ၊ ဟုတ်တိပတ်တိ မရှိဘူး ဖြစ်နေတယ်။ ကြားဖူးနားဝတွေ များနေပြီး မိမိကိုယ်မိမိ တကယ်သိနေသလိုလို ထင်နေတဲ့စိတ်နဲ့ နေရာတကာ ၀င်စွက်ဖက်ချင်တဲ့ စိတ်ဖြစ်သွားတာ။
ဝင်ဆံ့စိတ်
- လူအသိုင်းအ၀ိုင်းနဲ့ လူ့အဖွဲ့အစည်းတွေထဲက လူတွေထဲမှာ ၀င်တိုးလို့ရတဲ့ စိတ်အရည်အချင်း။
ဝင်လေထွက်လေကို ရှုမှတ်သောစိတ်
- ပထမဆုံး ၀င်တဲ့လေကို ရှူသွင်းတော့မယ့် စိတ်အရင်ဖြစ်တာကို သတိထားမိအောင် သိကြည့်တယ်။ ပြီးတော့ လေကို ရှူသွင်းတယ်။ ရှူသွင်းလိုက်တဲ့အချိန်မှာ ပထမရှူသွင်းမယ်လို့ ဖြစ်တဲ့စိတ်က မရှိတော့ဘူးဆိုတာ သိအောင်သိကြည့်တယ်။ ရှူသွင်းတဲ့လေက နှာခေါင်းဝက တစ်နေရာရာကို ထိနေတာ သိနေတယ်။ ထိနေတဲ့နေရာမှာ ရှူသွင်းတဲ့လေက ရပ်နေတာမဟုတ်ဘဲ ဆက်တိုက် ရွေ့လျားနေသလို၊ သိကြည့်တဲ့ စိတ်အသိကလည်း ရပ်မနေဘဲ ဆက်တိုက်ရွေ့လျားပြီး လိုက်သိပေးနေတယ်။ ထိတဲ့နေရာတစ်ခုတည်းကို သိကြည့်နေရင်းနဲ့ ထိတဲ့လေရယ်၊ သိကြည့်တဲ့အသိရယ်၊ နှစ်ခုလုံး ဆက်တိုက် မရှိတော့တာကို သိမှတ်နေတဲ့ သိမှတ်စိတ်ရဲ့ စိတ်အလုပ်။
(၀င်လေထွက်လေကို စောင့်ကြည့်သိမှတ်နေရင်းနဲ့ အရာရာဟာ ခဏလေးအတွင်းမှာ မရှိတော့တဲ့ သဘာဝသဘောတရားကို သိရှိနိုင်တယ်။)