ရုပ်နာမ်သဘောကို သိကြည့်တဲ့အခါမှာ

ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေဟာ သူ့အလုပ်သူ လုပ်နေကြတာ၊ ငါလုပ်တာ တစ်ခုမှ မပါဘူး။

ခန္ဓာကိုယ်နဲ့ အတူတူပါလာတဲ့ ခံစားတဲ့စိတ်က ခံစားစရာ ရှိတာကို ခံစားတာ၊ ဒါ သူ့အလုပ်သူ လုပ်တာ။

မှတ်သားတဲ့စိတ်က မှတ်သားစရာရှိတာကို မှတ်တာ၊ သူ့အလုပ်သူ လုပ်တာ။

သိတဲ့စိတ်က သိစရာရှိတာကို သိတာ၊ ဒါလည်း သူ့အလုပ်သူ လုပ်တာ။

လှုံ့ဆော်တိုက်တွန်းတဲ့စိတ်က လုပ်ဖြစ်သွားအောင် တိုက်တွန်းတာ၊ သူ့အလုပ်သူ လုပ်တာ။

ရုပ်နာမ်ရဲ့ လှုပ်ရှားမှုတွေထဲမှာလည်း ငါမပါဘူး။

မြင်တဲ့ကိစ္စ၊ ကြားတဲ့ကိစ္စ၊ အနံ့ကိစ္စ၊ အရသာကိစ္စ၊ အထိအတွေ့ကိစ္စ၊ တွေးတောကြံစည်ကိစ္စတွေဟာ

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခုကြောင့် ဖြစ်တာ။

ခန္ဓာကိုယ်ရှိတဲ့လူတိုင်းမှာ ပစ္စည်းခြောက်ခုပါတယ်။

အဲဒီပစ္စည်းခြောက်ခုက ငါမဟုတ်ဘူး။

အဲဒါဆိုရင် ငါဆိုတာ ဘယ်ကရောက်လာတာလဲ? ငါဆိုတဲ့ ငါကို ရှာကြည့်ပါ။

လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်လာခြင်းဟာ ဘာအတွက်လဲ?

ဒုက္ခတွေ ခံဖို့လား?

အရင်ဦးဆုံးတွေ့ရတဲ့ ဒုက္ခကတော့ ငိုပေတော့ပဲ!

မငိုရင် သဘာဝမကျဘူးတဲ့!

ငိုမှဖြစ်မယ်ဆိုပြီး ငိုကြရတယ်။

လူဖြစ်ရခြင်း ဒုက္ခကို ငိုခြင်းနဲ့ အစပြုခဲ့ကြတာလား?

မိခင်ရဲ့နို့ရည်ကို အကြိမ်ကြိမ် သောက်စို့ခဲ့တာတွေဟာ လူဖြစ်ရခြင်းရဲ့ မပြီးဆုံးနိုင်တဲ့ ဆာလောင်မှုသဘောကို အစပြုခဲ့တာလား?

နို့ရည်ရဲ့ အရသာကို လျှာကတစ်ဆင့် ခံစားတတ်လာတာ ဘယ်သူသင်ပေးလိုက်တာလဲ?

နို့စို့ချင်ရင် နို့စို့ခွင့်ရအောင် တောင်းဆိုတတ်တဲ့ ပညာတွေကို ဘယ်လိုတတ်မြောက်လာတာလဲ?

မွေးခါစကလေးရဲ့ လိုချင်တာ မရရင် ဒေါသအမူအရာတွေ ထုတ်ဖော်ပြတတ်တာ ဘယ်သူက ခိုင်းနေတာလဲ?

မိခင်ဖြစ်သူရဲ့ ဂရုစိုက်မှုကို ရအောင်ယူတတ်လာတဲ့ ပညာကို ဘယ်လို ဘယ်လို တတ်မြောက်လာတာလဲ?

မိခင်ရဲ့သီချင်းဆိုပြတဲ့ အသံ။

အသာအယာ ပွတ်သပ် ချော့သိပ်ပေးတဲ့ အထိအတွေ့တွေကို သာယာကျေနပ်လာတာ ဘယ်လိုသိသွားတာလဲ?

နို့တိုက်ရင်း၊ ချော့သိပ်ရင်း၊ ရေချိုးရင်း၊ မိခင်ရဲ့ သတိလက်လွတ် ပြောဆိုနေတဲ့

အမေ့ သားလေး

အမေ့ သမီးလေး ဆိုတဲ့ သတ်မှတ်မှုတွေကြောင့်

မွေးခါစကလေးရဲ့ အသိထဲမှာ ငါ့အမေလို့မှတ်လိုက်ပြီး ငြိတွယ်သွားစေသလား?

မွေးခါစကလေးရဲ့ မှတ်သားမှုဟာ ဘ၀တစ်လျှောက်လုံးအတွက် ငါ့အမေဆိုတဲ့ အစွဲတစ်ခုကို ဖြစ်သွားစေသလား?

ဒါဆိုရင်

ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးပဲ ရှိတယ် ဆိုတဲ့ အမှန်တရားကို

လူတွေသဘောပေါက်အောင် ဘယ်အချိန်မှာစပြီး အသိပေးသင့်လဲ?

ခန္ဓာငါးပါးဆိုတဲ့ ရုပ်တစ်ခု၊ နာမ်လေးခုဖြစ်တဲ့ ခံစားမှု၊

မှတ်သားမှု၊

သိမှု၊

လှုံ့ဆော်တိုက်တွန်းမှုတွေဟာ

လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတည်းက

တစ်လှည့်စီ အစွမ်းပြနေတာတွေကို ဘယ်လိုအသိနဲ့ ကြိုတင် သတိထားကြမလဲ?

ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးကို သဘောမပေါက်ဘဲ

မိခင်နဲ့ကလေးကြားက အငြိအတွယ်၊ အစွဲအလမ်းတွေ၊

တဖြည်းဖြည်း ကြီးထွားလာခြင်းကို စိုးရိမ်ရေမှတ်ရောက်မှ ဖြတ်ကြမယ်ဆိုရင်

ဖြတ်လို့လွယ်ပါ့မလား?

သေခါနီးတဲ့လူတွေကို မသေသေးတဲ့လူတွေက မှာတမ်းခြွေတာရှိတယ်။

ဘာကိုမှ မစွဲနဲ့နော်တဲ့! (တစ်ခုခုကို စွဲနေရင် ကျွတ်မှာ မဟုတ်ဘူးတဲ့!)

အားထုတ်တဲ့သူတွေ သတိထားပြီး ဖယ်ထုတ်နေကြတာက

ဘာကိုမှ မစွဲလမ်းရေး! (အစွဲပြုတ်ပြီး ဖြစ်ပျက်ချုပ်မှ ဒုက္ခက လွတ်မြောက်မှာတဲ့!)

Next Chapter »