ခံစားတဲ့စိတ်သဘောကို သိကြည့်ခြင်း

လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတည်းက ခန္ဓာကိုယ်နဲ့ အတူပါလာတဲ့ စိတ်လေးခုထဲက ခံစားတဲ့စိတ်။

မျက်စိနဲ့ မြင်သမျှ၊

နားနဲ့ ကြားသမျှ၊

အနံ့ ရသမျှ၊

အရသာ မှန်သမျှ၊

ခန္ဓာကိုယ်နဲ့ ထိတွေ့သမျှ၊

စဉ်းစားတွေးတော ကြံစည်သမျှ အကုန်လုံးကို ခံစားတယ်။

ခံစားတဲ့အလုပ်ဟာ ခံစားစိတ်ရဲ့ အလုပ်ပဲ။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ ပစ္စည်းခြောက်ခုကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံခြောက်ပါးရဲ့ အထိအတွေ့ အကုန်လုံးကို ခံစားတယ်။

ကောင်းတဲ့အရသာ၊ ကုသိုလ်အရသာတွေကို ခံစားတယ်။

မကောင်းတဲ့အရသာ၊ အကုသိုလ်အရသာတွေကို ခံစားတယ်။

ကောင်းတာလည်း မဟုတ်၊

မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုမျိုးလည်း ရှိတယ်။
ခံစားလို့ကြိုက်ရင် ကျေနပ်တယ်။

အကြိမ်ကြိမ် ခံစားတယ်။

ခံစားလို့ မကြိုက်ရင် ဒေါသဖြစ်တယ်။

ခံစားတဲ့ စိတ်ရဲ့ အာရုံဝင်စားမှု အပြင်းထန်ဆုံးကတော့

အာရုံခြောက်ပါးရဲ့ ကာမဂုဏ်ကိစ္စတွေပါပဲ။

မွေးတည်းက ခန္ဓာကိုယ်နဲ့ အတူတူပါလာတဲ့ ခံစားစိတ်ဟာ စိတ်ချင်း ထိတွေ့မှုကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ စိတ်အမျိုးအစား။

ဘယ်လိုအာရုံပဲပေါ်ပေါ်၊ ပေါ်လာတဲ့ အာရုံကို ဘယ်သူပဲ ဘယ်ဝါပဲလို့ စိတ်ကြိုက် သတ်မှတ်ပြီး ခံစားတယ်။

သဘာဝအရ ခံစားစိတ်က သူ့အလုပ်သူ လုပ်တဲ့နေရာမှာ ငါ ဆိုတာ မပါဘူး။

‘ငါခံစားတာကွ’လို့ သတ်မှတ်လိုက်တဲ့သူဆိုရင် စိတ်ဒုက္ခရောက်ကြတယ်။

ဒီခံစားစိတ်ဟာ လူအဖြစ်နဲ့ လူ့လောကထဲကို ရောက်လာတည်းက မိခင်နဲ့ ကလေးကြားမှာ စခဲ့တာပဲ။

လူတွေ ဒုက္ခရောက်နေတယ်ဆိုတာ မိမိစိတ်ထဲမှာ ခံစားမှုဖြစ်စေတဲ့ စိတ်တစ်ခု ရှိနေလို့ပဲ။

မိမိစိတ်ထဲဝင်လာသမျှ စိတ်တိုင်းမှာ ခံစားမှုပါတယ်။

နူးညံ့သိမ်မွေ့တာနဲ့ ကြမ်းတယ်၊ ပြင်းထန်တာပဲ ကွာတယ်။

စိတ်ထဲမှာ ခံစားမှုမရှိမှသာ ငြိမ်းအေးသက်သာမှာ။

ခံစားမှုဟာ လောင်စာပဲ။

(လောင်စာရှိရင်တော့ ဒုက္ခမီးက လောင်နေမှာပဲ။) ဆိုတော့…

ခံစားမှု မရှိအောင်၊ အထိအတွေ့ဆိုတဲ့ ဖဿစေတသိက်ကို စောင့်ကြည့် သိမှတ်ပြီး ဖယ်ထုတ်မှ သက်သာမှာ။