တစ်စုံတစ်ရာနဲ့ ထိခိုက်မိရင် နာကျင်တဲ့ ခံစားမှုကို ဖြစ်စေတဲ့သဘော၊
အာရုံနဲ့ စိတ်နဲ့ ထိတွေ့တဲ့အခါမှာ အာရုံအရသာကို ခံစားတဲ့သဘော၊
(စေတသိက်ပေါင်းများစွာထဲမှာ ဝေဒနာစေတသိက်ဟာ ခံစားတဲ့အာရုံတစ်ခုကိုပဲ ပြုလုပ်တယ်။)
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခုကြောင့်
ဖြစ်ပေါ်လာတဲ့ အာရုံခြောက်ပါးနဲ့
စိတ်နဲ့ ထိတွေ့တဲ့အခါမှာ
ခံစားမှုဝေဒနာ ခြောက်မျိုးဖြစ်တယ်။
မျက်စိနဲ့ ပတ်သက်တဲ့ ဖဿအထိအတွေ့ကြောင့် အမြင်နဲ့ဆိုင်တဲ့ ခံစားမှုဖြစ်တယ်။
နားနဲ့ ပတ်သက်တဲ့ ဖဿအထိအတွေ့ကြောင့် အသံနဲ့ဆိုင်တဲ့ ခံစားမှုဖြစ်တယ်။
နှာခေါင်းနဲ့ ပတ်သက်တဲ့ ဖဿအထိအတွေ့ကြောင့် အနံ့နဲ့ဆိုင်တဲ့ ခံစားမှုဖြစ်တယ်။
လျှာနဲ့ ပတ်သက်တဲ့ ဖဿအထိအတွေ့ကြောင့် အရသာနဲ့ဆိုင်တဲ့ ခံစားမှုဖြစ်တယ်။
ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဖဿအထိအတွေ့ကြောင့် အထိအတွေ့နဲ့ဆိုင်တဲ့ ခံစားမှုဖြစ်တယ်။
စိတ်နဲ့ ပတ်သက်တဲ့ ဖဿအထိအတွေ့ကြောင့် စိတ်ကူးကြံစည်မှုနဲ့ဆိုင်တဲ့ ခံစားမှုဖြစ်တယ်။
ဒီခံစားမှုခြောက်မျိုးဟာ တရားအရသာကို နှစ်နှစ်သက်သက် ခံစားသလို၊
ကာမဂုဏ်အာရုံအကုန်လုံးကိုလည်း
ပျော်ပျော်ကြီး ခံစားတယ်။
ခံစားမှုဟာ ကောင်းတဲ့အာရုံရော၊ မကောင်းတဲ့အာရုံကိုပါ ခံစားတဲ့သဘောပဲ။
ပြီးတော့
စိတ်ထဲကို ၀င်လာသမျှ စိတ်တစ်ခုတိုင်းမှာ ခံစားမှုတစ်ခုစီ ပါဝင်နေတယ်ဆိုတာ သိဖို့လိုတယ်။
ဝင်လာတဲ့စိတ်တိုင်းဟာ သူတို့နဲ့ ပတ်သက်တဲ့ ခံစားမှုတွေကို
မိမိတို့ရဲ့ စိတ်ထဲမှာ ချန်ထားခဲ့နိုင်တာ စိတ်တွေရဲ့ သဘာဝသတ္တိပဲ။
စိတ်ထဲမှာ ကျန်ခဲ့တဲ့ စိတ်တွေကို ဖယ်ထုတ်နိုင်နေမှ သက်သာမယ်။
မဖယ်ထုတ်နိုင်ရင် ခံစားမှုအရှိန် ပြင်းထန်မှုပေါ်မှာ မူတည်ပြီး မိမိစိတ်ကို ပြောင်းလဲပျက်စီးသွားစေလိမ့်မယ်။
တရားအားထုတ်ကြတယ်ဆိုတာ
ဒုက္ခအပေါင်းက လွတ်မြောက်ချင်လို့ပဲ။
မိမိရဲ့ စိတ်တွေကို ဒုက္ခပေးနေတယ်ဆိုတာကလည်း မိမိရဲ့ခံစားနေတဲ့စိတ်ကြောင့်ပဲ။
တရားအားထုတ်တဲ့နေရာတွေမှာ အထူးသတိထားပြီး ဖယ်ထုတ်နေရတာကလည်း ခံစားနေတဲ့ စိတ်ကိုပဲ။
ခံစားမှုဟာ ဒုက္ခဖြစ်စေတဲ့ စိတ်အမျိုးအစား ဖြစ်နေတာ သေချာနေပြီ။
ဒုက္ခက လွတ်မြောက်ချင်ရင် ခံစားနေတဲ့စိတ်ကို ဖယ်ထုတ်မှ ဖြစ်တော့မယ်။