မှတ်သားခြင်းသဘော သညာစေတသိက်၊

ကောင်းတဲ့စိတ်မှာရော၊ မကောင်းတဲ့စိတ်မှာပါ နှစ်မျိုးလုံးမှာ ပါဝင်ခြယ်လှယ်တယ်။

အမှန်ကို မှတ်သလို အမှားကိုလည်း မှတ်တယ်။

လူ့လောကထဲကို လူအဖြစ်နဲ့ရောက်လာတည်းက ငါ့အမေ၊ ငါ့အဖေ၊ ငါ့အိမ်၊ ငါ့ပစ္စည်း၊

ငါ့သူငယ်ချင်း၊ ငါ့မိန်းမ၊ ငါ့ယောက်ျား၊ ငါ့သား၊ ငါ့သမီး၊ ငါ့စီးပွားရေး၊ ငါ့ပိုက်ဆံ

စသဖြင့် ငါဆိုတဲ့ ခေါင်းစဉ်နဲ့ တွဲပြီး မှတ်သားလာခဲ့တာတွေဟာ

မှန်လား မှားလားဆိုတာကို လူတော်တော်များများက ခွဲခြားပြီး မသိကြဘူး။

အသက်ရှင် လှုပ်ရှားခဲ့တဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ငါဆိုတဲ့ အစွဲတစ်ခုအနေနဲ့ သေတဲ့အထိ အမှတ် မှားသွားတာတွေ ရှိတယ်။

မိမိမှတ်သားထားတာတွေဟာ မှားနေတယ်ဆိုတာကို

သေခါနီး အချိန်ကျမှ သိရင် အရမ်းနောက်ကျသွားပြီ။

အဲဒီအချိန်ကျမှ အမှတ်မှားခဲ့တဲ့ ငါစွဲကြီးကို ဖြုတ်ချဖို့ အခက်အခဲ ဖြစ်နေလိမ့်မယ်။

လူတစ်ယောက် သေခါနီးနေပြီဆိုရင် အစွဲအလမ်းမရှိဖို့၊ စိတ်မပူဖို့၊ သံယောဇဉ်တွေ ဖြတ်ဖို့ မှာကြားနေတာတွေဟာ အမှတ်မှားခဲ့တာတွေကို ဖြုတ်ချခိုင်းနေတာပဲ။

သတိပေးမယ့် လူကလည်း မရှိ၊ ပြုပြင်ပေးမယ့် သူကလည်း မရှိ၊

ကာယကံရှင် ကိုယ်တိုင်က တစ်သက်လုံး အမှတ်မှားနဲ့ အကျင့်ပါလာခဲ့တာကြီးကို သေခါနီးကျမှ ဘေးက ၀ိုင်းပြောတဲ့ အပြောလေးတွေကြောင့် လွယ်လွယ်ကူကူ ဖယ်ထုတ်လို့ ရနိုင်ပါ့မလား?

အမှားကို အမှန်၊

အမှန်ကို အမှား၊ မှတ်သားတဲ့ သညာစေတသိက်ဟာ

သံသရာလည်စေတဲ့ မသိမှုနဲ့ လိုချင်မှု၊

အ၀ိဇ္ဇာနဲ့ တဏှာ တွေနဲ့အတူ အမှတ်မှားတဲ့ သညာစေတသိက်လည်းပါတယ်။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခုကြောင့် ဖြစ်တဲ့ အာရုံခြောက်ပါးနဲ့ ပတ်သက်သမျှ

အာရုံတွေဟာ စိတ်နဲ့ထိတွေ့မှုက တစ်ဆင့် သဘာဝအရ ပြောင်းရွှေ့သွားတာကို သဘာဝအတိုင်း မှတ်သားတာဟာ မှတ်သားမှု အမှန်။

ငါဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ငါမှတ်သားတာဆိုရင် မှတ်သားမှုအမှား။