(၈) အရိုး

အချောင်းသဘောရှိတဲ့ အရိုးတွေဟာ လူ့ခန္ဓာကိုယ် လှုပ်ရှားမှုအတွက် ဆောင်ရွက်ပေးတာတဲ့။

လက်ရိုးက ၆၄ခု၊ ခြေထောက်အရိုးက ၆၄ခု၊ အသားကိုမှီတဲ့ အရိုးနုက ၆၄ခု။

ဖနောင့်ရိုးက ၂ခု၊ ခြေထောက်တစ်ဘက်စီမှာ ဖမျက်ရိုး ၂ခုစီ။

ခြေသလုံးရိုးက ၂ခုစီ၊ ဒူးဆစ်ရိုးက ၁ခုစီ၊ ပေါင်ရိုးက ၁ခုစီ။

တင်ပါးရိုးက ၂ခု၊ ကျောက်ဆူးရိုးက ၁၈ခု၊ နံရိုးက ၂၄ခု၊ ရင်ရိုးက ၁၄ခု။

ရင်ညွန့်ရိုးက ၁ခု၊ ညှပ်ရိုးက ၂ခု၊ လက်ပြင်ရိုးက ၂ခု၊ လက်မောင်းရိုးက ၂ခု။

လက်ဖျံရိုးက ၂ခုစီ၊ လည်ပင်းရိုးက ၇ခု၊ မေးရိုးက ၂ခု၊ နှာခေါင်းရိုးက ၁ခု။

မျက်ကွင်းရိုးက ၂ခု၊ နားရိုးက ၂ခု၊ နဖူးရိုးက ၁ခု၊ ဦးခေါင်းခွံရိုးက ၉ခု…။

စုစုပေါင်း ၂၉၉ဆိုတော့ အရိုးပေါင်း သုံးရာ(၃၀၀)လောက် ရှိတယ်တဲ့။

ဆုံလည်လို အရိုး၊ ပတ္တာလို အရိုးတွေရဲ့ ဆန်းကြယ်စွာ တည်ဆောက်ထားမှုကြောင့်လည်း

လူဆိုတဲ့ ခန္ဓာကိုယ်ရှိသူတိုင်းဟာ အလွယ်တကူ လှုပ်ရှားလို့ ရနေကြတာတဲ့။

(မှတ်ချက် - စာအုပ်ထဲက ကူးမှတ်ဖော်ပြတဲ့ အရိုးစာရင်းနဲ့ အရိုးကု ဆရာဝန် ရုံးခန်းက အရိုးစုပုံ ကြည့်ပြီး ဆရာဝန် ရှင်းပြတာနဲ့ နည်းနည်းပါးပါး လွဲနေတာတော့ရှိတယ်။)

လူသားအဖြစ် ဘယ်အချိန်ကစပြီး ပေါ်ပေါက်ခဲ့တာကို အတိအကျ မပြောနိုင်ပေမယ့်

လူသားမှန်ရင် ဒီအရိုး အရေအတွက်နဲ့ပဲ လှုပ်ရှားသွားလာ ရပ်တည်နေကြရတယ်။

လူဆိုတာ ဒီအရိုး အရေအတွက်ပေါ်မှာ ခန္ဓာကိုယ်ဆိုတာ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်နဲ့ လှုပ်ရှားနေကြတာ။

ဘယ်သူ့ဆီမှာမှ အရိုးအပို မပါတဲ့…. ဆန်းကြယ်မှု..

အပိုပါလာရင်လည်း လူထူးလူဆန်းလို့ သတ်မှတ်ခံရမှာပဲ။

အရိုးထဲက နာကျင်ကိုက်ခဲတာကို ဘယ်လိုမျိုးနာကျင်တာလဲလို့ စောင့်ကြည့်ဖူးတယ်။

နာကျင်နေတာကို သိတာ အရိုးမဟုတ်ဘူး။ နာမှန်းသိတဲ့ အသိက သိတာ။ ပြီးတော့ နာနေတယ်ဆိုတာ အကြာကြီး မဟုတ်ဘူး။ အလွန်ဆုံး ၁၀မိနစ် ကြာတယ်။ သက်သာတာလည်း ၁၀မိနစ်လောက်ပဲ ကြာတယ်။

နာကျင်ကိုက်ခဲတာက သပ်သပ်၊ နာကျင်ကိုက်ခဲတာကို သိနေတာက သပ်သပ်၊ နာကျင်နေမှန်း သိနေတဲ့စိတ်ကို စောင့်ကြည့် သိမှတ်တဲ့အခါမှာ သိမှတ်တဲ့ အသိက အပြောင်းအရွှေ့၊

အတိုးအလျှော့ ရှိသလို အရိုးထဲက နာကျင်ကိုက်ခဲနေတဲ့ ခံစားမှုကလည်း အတိုး၊ အလျှော့၊ အပြောင်းအရွှေ့တွေ ရှိနေတာကို သတိထားမိနေတယ်။

နာကျင်တဲ့ အာရုံကို သိကြည့်နေတာနဲ့

သိမှန်းသိနေတဲ့ နှစ်ခုလုံးဟာ ရှေ့ဆင့်နောက်ဆင့် မရှိတော့တာကို ထပ်သိနေတယ်။

ပထမတုန်းက နာကျင်ကိုက်ခဲတာ ဘယ်လိုပုံစံမျိုးလဲ သိချင်လို့ သိကြည့်တာ။

သိကြည့်ရင်းနဲ့ နောက်တစ်ခုသိသွားတာက စိတ်တွေရဲ့ အဆက်မပြတ် ပြောင်းရွှေ့နေတာကို သိသွားတာ။

အဲဒီသိကြည့်မှုကို စိတ်ဝင်စားလို့ သိကြည့်ရင်း၊ သိကြည့်ရင်း..

(၆)နှစ်လောက် စွဲခဲ့ဖူးတဲ့ မူးယစ်ဆေးဝါး(နံပါတ်ဖိုး) အဲဒီဒုက္ခထဲက..

ဘာဆေးမှ မသောက်ဘဲ ဘယ်ဆရာဝန်နဲ့မှ မကုဘဲ လွတ်မြောက်ခဲ့ဖူးတယ်။