(၅) အရေ

အရေ အထူအပါး ရှိတယ်။

အ၀ါရောင်၊ အညိုရောင်၊ အသားရောင်စတဲ့ အရောင်ကွဲပြားမှုတွေဟာ နေရာဒေသအလိုက် ကွဲပြားမှုတွေ ရှိတယ်။

ဒါပေမယ့် လူသားတွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အရေပြားရဲ့ ဖုံးလွှမ်းမှုအောက်မှာပဲရှိနေတယ်။

အရေပြားရဲ့ ဖုံးလွှမ်းမှုအောက်မှာ ခန္ဓာကိုယ်ရှိနေရတာကို ခန္ဓာကိုယ်က မသိသလို အရေပြားကလည်း ခန္ဓာကိုယ်ပေါ်မှာ ဖုံးလွှမ်းပေးထားရတာကို မသိဘူး။

အရေပါးပါးလေးကို ထိတွေ့တဲ့ အထိအတွေ့အပေါ်မှာ မူတည်ပြီး နာကျင်တဲ့ခံစားမှု၊ ကျေနပ်သာယာတဲ့ ခံစားမှုကို ဖြစ်စေတဲ့ အသိတစ်ခု ရှိနေတယ်။

အဲဒီအသိက ထိတွေ့မှုတွေကို ကြိုက်ခြင်း၊ မကြိုက်ခြင်း ဖြစ်ပေးတယ်။

ချွန်ထက်တဲ့အရာနဲ့ ထိမိတဲ့ အထိအတွေ့၊ နူးညံ့ပျော့ပျောင်းတဲ့အရာနဲ့ ထိမိတဲ့ အထိအတွေ့၊ ယောက်ျား၊ မိန်းမလို့ သတ်မှတ်ပြီး ထိတွေ့တဲ့ အထိအတွေ့တွေကို ခွဲခြားပြီး သိပေးတဲ့ အသိဟာ အရေပါးပါးလေးမှာ ရှိနေတာ ထူးဆန်းတယ်။

(၆) အသား

ခန္ဓာဗေဒကျွမ်းကျင်မှုဆိုင်ရာ စာပေအရ ခန္ဓာကိုယ်ထဲမှာ အသားတစ်ပေါင်း ကိုးရာ(၉၀၀)ရှိတယ်တဲ့။

တစ်ကိုယ်လုံးရဲ့ အရိုးပေါင်း သုံးရာ(၃၀၀)ကျော်မှာ တွယ်ကပ်ပြီး တည်ရှိတယ်တဲ့။

အသားနဲ့ အရိုးဟာ ပူးကပ်ပြီး ရှိနေကြပေမယ့် သူတို့ချင်း အပြန်အလှန် မသိကြဘူးတဲ့။

နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေထဲက အသားဓာတ်ဖြစ်စေတဲ့ အစာအာဟာရကြောင့် ခန္ဓာကိုယ်ထဲက အသားတွေရဲ့ တိုးပွားမှုကို ဖြစ်စေနေတာတဲ့။

အဲဒါကို အသားက မသိပြန်ဘူးတဲ့။

ခန္ဓာကိုယ်ထဲမှာ သူတို့ချင်း အပြန်အလှန် ရိုင်းပင်းမှုတွေ မရှိဘဲနဲ့ အသားဖြစ်စေမှု၊ သန်မာထွားကျိုင်းမှုတွေ အတွက် ဟိုဟာလုပ်၊ ဒီဟာစား ဆိုတာကို ဘယ်သူက ညွှန်ကြားနေတာလဲ?

လှုံ့ဆော်တိုက်တွန်းတတ်တဲ့ စိတ်ကို ဗဟုသုတ ပြည့်စုံတဲ့ အသိဉာဏ်က ထိန်းချုပ်ပြီး လိုအပ်သည်များကို ညွှန်ကြားနိုင်နေတာလား?

(၇) အကြော

အကြောဆိုတာ ခန္ဓာကိုယ်ထဲက အရိုးတွေနဲ့ ဖွဲ့တွယ်ပြီး ရှိနေကြတာတဲ့။

စာပေအရ ခန္ဓာကိုယ်ထဲမှာ အကြောပေါင်း ကိုးရာ(၉၀၀)ရှိတယ်တဲ့။ ဒီအကြောတွေရဲ့

ဖွဲ့စည်းတည်ဆောက်ပုံက လည်ပင်းကစပြီး အကြောမကြီး ငါးခုဟာ ကိုယ်ခန္ဓာရဲ့ အရှေ့ဘက်က ဆင်းတယ်တဲ့။

နောက်ဘက်က ငါးခုတဲ့၊ ပြီးတော့ ဘယ်နဲ့ညာမှာ ငါးခုစီတဲ့။

ညာဘက်လက်ရဲ့ အရှေ့ကို ငါးခုနဲ့ အနောက်ဘက်ကို ငါးခု၊

ဘယ်ဘက်လက်ရဲ့ အရှေ့မှာ ငါးခုနဲ့ အနောက်ဘက်မှာ ငါးခု၊

ခြေထောက်ဆိုရင်လည်း ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ အရှေ့နဲ့ အနောက်၊ ငါးခုစီ တည်ဆောက်ထားတယ်တဲ့။

အကြောတွေရဲ့ အရွယ်စားက အကြီး၊ အလတ်၊ အငယ်၊ အသေးဆုံးက အမျှင်လေးအထိ ရှိတယ်တဲ့။

အကြောတွေ ဘယ်လောက်များများ အကြောတစ်ခုနဲ့ တစ်ခု မသိကြပြန်ဘူးတဲ့။

အကြောနဲ့ အရိုး ဖွဲ့တွယ်မှီနေတာကိုလည်း မသိကြဘူးတဲ့။

အကြောညပ်တယ်၊ အကြောတက်တယ် ဆိုတာတွေကလည်း အကြောဆိုတဲ့ ပစ္စည်းတွေရှိနေလို့သာ အကြောနဲ့ဆိုင်တဲ့ ခံစားမှုတွေ ဖြစ်စေတာပဲ။ အဲဒီအကြောနဲ့ ပတ်သက်တဲ့ခံစားမှုက ဘယ်က စဖြစ်တာလဲ?

ဖဿဆိုတဲ့ အထိအတွေ့ကြောင့် ခံစားမှုဖြစ်တာ။ ဖဿဖြစ်ရတာ အာရုံခြောက်ပါးကြောင့်….

အာရုံခြောက်ပါး ဖြစ်ခွင့်ရတာ ရုပ်နာမ်ရှိလို့။ ခန္ဓာကိုယ်ကြီး ရှိလို့ပဲ။