(၂၃) ပြည်

ပုပ်နေတဲ့သွေးကြောင့် ဖြစ်တာတဲ့။

တစ်စုံတစ်ရာနဲ့ ထိမိ၊ ခိုက်မိ၊ ခုတ်မိ၊ ရှမိ၊ ခြစ်မိလို့ရတဲ့ အနာကတစ်ဆင့် သွေးတွေစုဝေး ရင့်ကျက်လာတဲ့အခါမှာ ပုပ်သွားပြီး ပြည်အဖြစ် ရောက်ရှိသွားတာတဲ့။

သွေးကနေ ပြည်အဖြစ် အဆင့်ဆင့် ပြောင်းရွှေ့သွားတာကို သွေးကမသိသလို ပြည်ကလည်း မသိကြပြန်ဘူးတဲ့။

ဒီလို ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်း အချင်းချင်း မသိမှုကို သိမှုအဖြစ် ပြောင်းရွှေ့ပြီး မိမိခန္ဓာကိုယ်ကို လေ့လာဖို့တော့ လိုလာပြီ။

(၂၄) သွေး

ဆံပင်၊ အမွေး၊ လက်သည်း၊ ခြေသည်း၊ အသားမရှိတဲ့ နေရာတွေကလွဲပြီး လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ နေရာအနှံ့မှာ သွေးဆိုတာ ရှိနေတယ်တဲ့။

သွေးဆိုတာ အညှို့နဲ့ နှလုံးကို စိုစိုစွတ်စွတ် မဖြစ်ရင် သတ္တ၀ါတွေအတွက် ရေဆာခြင်းကို ဖြစ်စေတယ်တဲ့။
သွေးဆိုတာ ခန္ဓာကိုယ် တစ်ခုလုံးအတွက် မရှိမဖြစ် အလိုအပ်ဆုံး၊ အရေးကြီးဆုံး ပစ္စည်းပဲ။

ဒါပေမယ့် နှလုံးထဲမှာ သွေးရှိပေးနေရတာ နှလုံးက မသိပြန်ဘူးတဲ့။

သွေးကလည်း နှလုံးထဲမှာ မရှိမဖြစ် ရှိပေးနေရတာကို သွေးကိုယ်တိုင်က မသိပြန်ဘူးတဲ့။

(ခန္ဓာကိုယ်သဘောကတော့ နားမလည်နိုင်အောင် ဖြစ်လာတယ်။ သူတို့အချင်းချင်းတောင် သံယောဇဉ်မရှိ ဖြစ်နေကြတာ ဒီခန္ဓာကိုယ်ကြီးကို သံယောဇဉ် တွယ်သင့်ရဲ့လား?

ခန္ဓာရဲ့သဘောတွေ သိအောင်ကြိုးစားနိုင်မှ သက်သာလိမ့်မယ်။)

(၂၅) ချွေး

ချွေးဆိုတာ တစ်ကိုယ်လုံးရဲ့ အမွေးပေါက်တဲ့ တွင်းထဲက ယိုထွက်တဲ့ အရည်တစ်ခုပဲတဲ့။

ရာသီဥတုကြောင့်၊ ဒါမှမဟုတ် မီးအပူရှိန်ကြောင့် ခန္ဓာကိုယ်က ပူလာပြီး

ချွေးဆိုတဲ့အရည်က ဆံပင်ပေါက်တဲ့ တွင်း၊

အမွေးပေါက်တဲ့ တွင်းတွေကြားထဲမှာ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်အပြင်ဘက်ကို ချွေးအဖြစ်နဲ့ ထွက်လာတာတဲ့။

အမွေးပေါက်တွေထဲက ချွေးတွေထွက်လာကြပေမယ့် ချွေးအချင်းချင်းက မသိကြဘူးတဲ့။

စိတ်ပျက်အောင် ထပ်ပြောရရင် အဲဒီချွေးရဲ့အနံ့က ဆိုးရွားတယ်။