(၂၁) သည်းခြေ

သည်းခြေမကောင်းရင် မျက်စိတွေေ၀၀ါးတယ်။ မူးဝေတယ်။ ခန္ဓာကိုယ်တုန်လှုပ် ယားယံတယ် တဲ့!

သည်းခြေပျက်ရင် ရူးပြီလို့သာမှတ်တဲ့! (မြန်မာလူမျိုးတချို့ ပြောလေ့ရှိတဲ့စကား)

သည်းခြေပျက်ရင် ဖောက်ပြန်တဲ့စိတ်၊ အရှက်အကြောက် မရှိတဲ့စိတ်တွေ ဖြစ်တယ်တဲ့။

မပြောသင့်တာတွေ ပြောတယ်တဲ့။ မကြံစည်သင့်တာတွေ ကြံစည်တယ်တဲ့။

ဒါဟာ ဗဒ္ဓသည်းခြေပျက်လို့ ဖြစ်တာတဲ့!

အဲဒီ ဗဒ္ဓသည်းခြေက နှလုံးနဲ့ အဆုတ်ရဲ့ကြားမှာရှိတဲ့ အသည်း၊ အသားကို မှီပြီးဖြစ်တဲ့ သည်းခြေအိမ်မှာ တည်ရှိတယ်တဲ့!

အဗဒ္ဓသည်းခြေဆိုတာကတော့ ဆံပင်၊ အမွေး၊ သွား၊ လက်သည်း ခြေသည်းတို့လို အသားနဲ့လွတ်တဲ့နေရာ…. မာခြောက်နေတဲ့နေရာတွေက လွဲရင် တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီး ရှိနေတာတဲ့!

ဒီ ဗဒ္ဓသည်းခြေနဲ့ အဗဒ္ဓသည်းခြေ နှစ်မျိုးရှိပေမယ့် တစ်မျိုးနဲ့ တစ်မျိုးက မသိကြဘူးတဲ့!

ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ သူစိမ်းဆန်တဲ့ သဘာဝ သဘောတရားတွေဟာ စိတ်ဝင်စားစရာ ကောင်းသလို၊ စိတ်ပျက်စရာလည်း ကောင်းနေတယ်။

စိတ်ဝင်စားစရာကောင်းတာက ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ စိတ် စေတသိက်တွေရဲ့ ဆက်စပ်မှုကို သိခွင့်ရတာ။

စိတ်ပျက်စရာကောင်းတာက အင်္ဂါအစိတ်အပိုင်း အချင်းချင်း မသိကြတဲ့ အနေအထားမျိုးနဲ့ မိမိခန္ဓာကိုယ်ထဲမှာ ရှိနေမှုဟာ..

အချိန်မရွေး ပြဿနာ ဖြစ်နိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ မသေချာမှုပဲ။

(၂၂) သလိပ်

အစာသစ်အိမ်ဆိုတဲ့ ၀မ်းလွှာ အူခေါင်းမှာ တည်ရှိတယ်တဲ့။

သလိပ်ဆိုတာ အစားအစာတစ်ခုကို စားသောက်ပြီး မျိုချလိုက်တဲ့အခါမှာ နှစ်ခြမ်းပြတ်ကွဲ ပြီးတာနဲ့ ချက်ချင်းပြန်စေ့ပြီး နောက်ထပ် အစာသစ်ကို ဖုံးပြီး တည်ရှိတယ်တဲ့။

သလိပ်နည်းလို့ရှိရင် ၀မ်းဗိုက်အစာသစ်အိမ်ဟာ ပုပ်တဲ့အနံ့ရှိပြီး ရွံစရာ စက်ဆုပ်စရာ ကောင်းတယ်တဲ့။

အဲဒီ အစာသစ်အိမ်က တက်လာတဲ့ အနံ့ဟာ ပါးစပ်အတွင်းမှာ အပုပ်အနံ့အဖြစ် ရှိနေတယ်တဲ့။

သလိပ်ဆိုတဲ့ အရာတွေများလွန်းရင် စကားပြောတဲ့အခါ၊ လေလည်တဲ့အခါ၊ ကျင်ကြီးစွန့်တဲ့အခါတွေမှာ အနံ့ဆိုးတယ်တဲ့။

(မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလိုအညစ်အကြေး အပုပ်အသိုးတွေ ရှိနေတယ်ဆိုတာ ဆင်ခြင်သိကြည့်ပါ။)