အာရုံခြောက်ပါးနဲ့ ပတ်သက်ပြီး ပုစ္ဆာတစ်ခုအနေနဲ့ သိကြည့်ပါ။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟာ

သူ့အလုပ်သူ လုပ်နေကြတယ်ဆိုတာ ဟုတ်တယ်၊ မဟုတ်ဘူး…… ဆိုတာ! သိကြည့်ပါ။

ခန္ဓာဗေဒဆိုင်ရာ ဘာသာရပ်အနေနဲ့ စစ်ဆေးကြည့်ပါ။

သဘာဝအရလည်း သဘောပေါက်တဲ့အထိ လေ့လာစုံစမ်းကြည့်ပါ။

သူတို့အလုပ် သူတို့လုပ်နေကြတဲ့အထဲမှာ ငါဆိုတာ ပါနေသလား?

ဒါပေမယ့် လေ့ကျင့်ထားတဲ့ အသိဉာဏ်က သိတာကို ငါသိတာလို့ ယူဆနေတာလား?

ငါ့မျက်လုံးက မြင်တာ ငါမြင်တာပဲပေါ့

ငါ့နားကကြားတာ ငါကြားတာပေါ့…..လို့

စိတ်ထဲမှာ ငါနဲ့တွဲပြီး အကျင့်ပါနေတာလား? မျက်လုံးကစမြင်တဲ့ အချိန်ကစပြီး

စိတ်ထဲမှာ နာမည်တစ်ခုအနေနဲ့ သတ်မှတ်မိတဲ့ အဆင့်ထိရောက်သွားတာဟာ သတိစိတ် မရှိလို့ မဟုတ်ဘူးလား?

မျက်စိရှိလို့ မြင်တဲ့ကိစ္စတွေဟာ သဘာဝအရလား၊ ငါမြင်တာလား?

ငါမြင်တယ်လို့ ဖြစ်အောင် လှုံ့ဆော်တိုက်တွန်း ပြုလုပ်ပေးလိုက်တဲ့ စိတ်သဘောကို မသိလို့ မဟုတ်ဘူးလား။

ကြည့်နေတဲ့မြင်ကွင်းက မျက်စိရှေ့မှာ မရှိတော့ပေမယ့် မျက်စိထဲမှာ အမြင်အာရုံအဖြစ်

ကျန်နေသေးတာ ဘာ့ကြောင့်လဲ?

ဒီအချိန်မှာ ဘေးက လူတစ်ယောက်ယောက်က စကားလာပြောတဲ့အခါမှာ အာရုံရွေ့သွားတာကရော ငါက ပြောင်းလိုက်တာလား။

ကြားဖြတ်ဝင်လာတဲ့ စိတ်တစ်ခုက ပြောင်းပေးလိုက်တာလား?

ငါမြင်တယ်လို့ လက်ခံထားတဲ့ပုံရိပ် ဘယ်ရောက်သွားလဲ?

ဒါမှမဟုတ် မျက်စိထဲမှာ ပုံရိပ်အဖြစ် အသိမှာငြိပြီး ပျောက်မသွားသေးတာ ငါကငြိခိုင်းလို့လား?

စိတ်ချင်း စိတ်ချင်းလာထိတဲ့ ဖဿစိတ်ရဲ့ ထိချက်ပြင်းသွားလို့ ဝေဒနာခံစားစိတ် လွန်ကဲသွားတာလား?

ခံစားစိတ်နဲ့ လှုံ့ဆော်စိတ်နဲ့ မှတ်သားစိတ်နဲ့ သိရုံသိတဲ့စိတ်နဲ့ သူတို့အလုပ် သူတို့အဆက်မပြတ် လုပ်ဖြစ်နေတာ ငါကခိုင်းတာလား?

ခံစားစိတ်ရဲ့ အရှိန်ပြင်းထန်မှုကို လှုံ့ဆော်စိတ်က ပံ့ပိုးပေးလိုက်တာလား?

Next Chapter »