ကောင်းသောစိတ်နဲ့ မကောင်းသောစိတ် နှစ်မျိုးလုံးမှာ ပါဝင်ခြယ်လှယ်နေတဲ့ စေတသိက်များ

(၁) ဖဿ

အာရုံကို ထိတွေ့တဲ့သဘော။

စိတ်နဲ့ အာရုံနဲ့ ထိတွေ့တဲ့အခါမှာ အရာဝတ္ထုတစ်ခုခုနဲ့ ထိတွေ့သလိုမျိုး ခံစားမှုတစ်ခုကို ဖြစ်စေတဲ့ ဖဿ စေတသိက်။

စိတ်တစ်ခု ဖြစ်ခွင့်ရအောင် ဖန်တီးပေးလိုက်တဲ့ ဖဿ

မုဒုလက္ခဏာ မိဖုရားကြီးရဲ့ မမြင်အပ်တဲ့ ခန္ဓာကိုယ် အပိုင်းအစကို မြင်လိုက်ရုံနဲ့

ဈာန်လျောကျသွားတဲ့ ဟရိတစ ရသေ့ကြီးရဲ့ အဖြစ်အပျက် ဟာ အမြင်အာရုံက တစ်ဆင့် စိတ်ကိုထိတွေ့ပြီး ရသေ့ကြီးရဲ့စိတ်တွေ အဖျက်ဆီးခံလိုက်ရတဲ့ ဖဿ

တီဗွီကြည့်တဲ့အခါမျိုးမှာ မြင်ရတဲ့အရုပ်တွေရဲ့ လှုပ်ရှားမှုနဲ့ ကြားရတဲ့အသံတွေကြောင့် ပျော်စရာ၊ ရယ်စရာ၊ ကြည်နူးစရာ၊ ထိတ်လန့် ချောက်ချားစရာ၊ ဒေါသထွက်စရာ၊ ကြေကွဲဝမ်းနည်းစရာတွေဟာ မိမိခန္ဓာကိုယ်ကို တိုက်ရိုက်လာပြီး ထိတွေ့တာ မဟုတ်ဘဲ စိတ်ကို လာထိတာကနေ ကိုယ်တိုင်ခံစားသွားရတာဟာ ထင်ရှားတဲ့ ဖဿ

အမှတ်တမဲ့ သွားရင်း လာရင်း ကျယ်လောင်တဲ့ ကားဟွန်းသံကို ရုတ်တရက်ကြားလိုက်ရင် လန့်ဖျပ်သွားတာမျိုးဟာ ခန္ဓာကိုယ်ကို တိုက်ရိုက် လာထိတာမျိုးမဟုတ်ဘဲ အသံအာရုံကသာ စိတ်ကို လာထိတွေ့တဲ့ ဖဿ

နာဂစ်မုန်တိုင်းရဲ့ အဖြစ်ဆိုးဟာ ဖြစ်ခဲ့တာကြာပါပြီ။ ဒါပေမယ့် ဒီအဖြစ်ဆိုးနဲ့ ကိုယ်တိုင်တိုက်ရိုက် ထိတွေ့ ပတ်သက်ခဲ့ရတဲ့ သူတွေအတွက်တော့ အချိန်ဘယ်လောက်ပဲကြာကြာ၊ အကြောင်းတိုက်ဆိုင်လို့ ပြန်သတိရတိုင်း ရင်ထဲစူးသွားအောင် ထိခိုက် ကြေကွဲနေဦးမှာပါပဲ။

ဒါဟာအတွေးက တစ်ဆင့် စိတ်ကိုလာထိတွေ့တဲ့ ဖဿ

ဆယ်ရက်လောက်ပျောက်နေတဲ့ လူသေအလောင်းကို ပြန်တွေ့တဲ့အခါမှာ အလောင်းက ထွက်နေတဲ့ အပုပ်နံ့က တစ်ဆင့် ပျို့အန်ချင်တဲ့ စိတ်အဆင့်ဆင့် ပြောင်းရွှေ့သွားတာဟာ စိတ်နဲ့ အနံ့အာရုံနဲ့ ထိတွေ့တဲ့ ဖဿ

စိတ်နဲ့ အာရုံနဲ့ထိတွေ့တဲ့ တချို့ဖြစ်ရပ်တွေဟာ ခန္ဓာကိုယ်ကို တစ်စုံတစ်ရာက ကိုယ်ထိလက်ရောက် ထိတွေ့တာထက် ပိုပြီး ထင်ရှားတဲ့ခံစားမှုကို ဖြစ်စေတာမျိုးတွေ ရှိတယ်။

ခံစားမှုကို ဖြစ်စေတဲ့ စိတ်နဲ့အာရုံနဲ့ ထိတွေ့ခြင်းသဘောဟာ ကုသိုလ်စိတ်ကိုရော၊ အကုသိုလ်စိတ်ကိုပါ ထိတွေ့နိုင်လို့ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် နှစ်မျိုးလုံးမှာ အမြဲပါဝင်နေတယ်။