ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ

ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။

မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့ ! ဆိုတဲ့

မြတ်စွာဘုရားရဲ့ နောက်ဆုံးစကားတော်ကိုလည်း ခန့်မှန်းတွေးခေါ်ပြီး မှန်းဆ ကြည်ညို ကျေးဇူးတင်ရပါတယ်။

သိစရာရှိတာတွေထဲက သိကိုသိရမယ့် ခန္ဓာကိုယ်နဲ့ စိတ် စေတသိက်အကြောင်းတွေကို သိလို့ရသလောက် သိကြည့်တဲ့အခါမှာ

ရုပ်နဲ့နာမ်ပေါ်မှာ မူတည်ပြီး ခြယ်လှယ်ကြတဲ့ စိတ်စေတသိက်ပေါင်းများစွာကို

သတိ တစ်ခုတည်းနဲ့ ထိန်းချုပ်နိုင်အောင် ဟောကြားတော်မူခဲ့တဲ့ မြတ်စွာဘုရားရဲ့ စေတနာတော်၊ မေတ္တာတော်၊ ကရုဏာတော်တွေကို မှန်းဆ ကြည်ညိုပြီး ကျေးဇူးတင်ရပါတယ်။

စိတ်ပေါင်းများစွာအနေနဲ့ ဘယ်လောက်အတိုင်းအတာထိ ရှိရှိ တစ်ခုတည်းသော စိတ်ကိုသာ ထိန်းသိမ်း စောင့်ရှောက်ပါလို့၊

ကြောင့်ကြစိတ်လွန်ကဲနေတဲ့ အနုပုဗ္ဗရဟန်းကို မြတ်စွာဘုရား ဆုံးမတော်မူခဲ့တာကို ဓမ္မပဒ ၃၆မှာ ဖော်ပြထားလို့ သိရှိခွင့် ရတဲ့အတွက်လည်း မြတ်စွာဘုရားရဲ့ ဆုံးမနည်းကို မှန်းဆကြည်ညိုပြီး ကျေးဇူးတင်ရပါတယ်။

တစ်ကြိမ်မှာ တစ်ခုတည်း ဖြစ်ခွင့်ရှိတဲ့စိတ်ကိုသာ နိုင်အောင်ထိန်းဖို့၊

တစ်ခုတည်း ဖြစ်ခွင့်ရှိတဲ့စိတ်ဟာလည်း ခဏလေးပဲ ဖြစ်ခွင့်ရှိတာကို သိရှိခွင့်ရတဲ့အတွက် မိမိကို ဒုက္ခပေးနေတဲ့ မိမိရဲ့ တစ်ခုတည်းသော စိတ်ကိုသာ နိုင်အောင်ထိန်းကြဖို့ပဲ ရှိပါတယ်။