တပင်တပန်း ရှာဖွေနေသောစိတ်
- လူမှန်းသိတတ်ခါစတည်းက ဒုက္ခတွေနဲ့ ရင်ဆိုင်တွေ့ပြီဆိုရင် ဒုက္ခက လွတ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အဖြေကို သိချင်ကြတဲ့ သူတွေချည်းပါပဲ။ အချိန်တွေကုန်၊ လူကအသက်ကြီးလာ၊ ဒုက္ခလွတ်မြောက်ရာ ဘယ်နေရာမှာရှိမလဲလို့ ရှာလိုက်ရတာလည်း ပင်ပန်းလွန်းနေပြီ။
(တွေ့မယ့်တွေ့တော့ မိမိခန္ဓာကိုယ်ထဲမှာသာ ဒုက္ခလွတ်မြောက်ကြောင်းကရှိနေတာ။ အဲဒီလွတ်မြောက်ရာကို ကိုယ်တိုင် လက်တွေ့ သိကျင့်ကြည့်တော့လည်း ပင်ပန်းတယ်လို့ ထင်ကြပြန်ရော။)
တပေါင်းတစည်းတည်းလို ဖြစ်နေသောစိတ်
- အာရုံခြောက်ခုကြောင့် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေတဲ့ အာရုံရယ်၊ ပေါ်လာသမျှ အာရုံတွေကို စောင့်ကြည့်သိမှတ်နေတဲ့ အသိရယ်၊ သိပြီးတာနဲ့ နှစ်ခုလုံး ပြိုင်တူသဘောမျိုး ချုပ်ပျောက်သွားတာကို သိနေတဲ့ ဉာဏ်ရယ်၊ အဆက်မပြတ် အစဉ်တစိုက် အလုပ် လုပ်နေကြတာဟာ တစ်ကြိမ်တည်း၊ တစ်ခုတည်းလို ဖြစ်နေတဲ့ စိတ်ပုံစံ။
တဖျပ်ဖျပ်လူးနေသောစိတ်
- လင်ယောက်ျားဖြစ်သူက မြွေကိုက်ခံရ၊ မွေးကာစကလေးကို ငှက်တစ်ကောင်က ချီသွား၊ နောက်ကလေး တစ်ယောက်က ရေနစ်ပြီးသေ။ ဒီလိုအဖြစ်အပျက်မျိုးကို တစ်ချိန်တည်းမှာပဲ စုပြီး ကြုံတွေ့လိုက်ရပြီဆိုရင် ဘယ်လိုမှ တည်တည်ငြိမ်ငြိမ် ဖြစ်မှာ မဟုတ်တော့ဘူး။ ရေထဲက ငါးအရှင်တစ်ကောင်ကို ကုန်းပေါ်မှာ တင်ပေးလိုက်လို့ လှုပ်လှုပ်ခါခါဖြစ်နေမယ့် စိတ်အနေအထားမျိုးပဲ။ သူ့သဘောနဲ့သူ ဖြစ်ချင်သလိုတွေ ဖြစ်နေတတ်တဲ့ လောကရဲ့သဘာဝ အဖြစ်အပျက်တွေထဲက မိမိ စိတ်ထဲကို ရုတ်တရက် ၀င်လာတဲ့ အာရုံတစ်ခုခုရဲ့ အရှိန်ဟာ အဆမတန် ပြင်းထန်လွန်းနေရင် ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး။ စိတ်နဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေ တည်ဆောက်ထားတာမျိုး မရှိရင် ဖျပ်ဖျပ်လူးနေမယ့် စိတ်အနေအထား။
တဖြည်းဖြည်း ဆွေးမြည့်ပျက်စီးနေသောစိတ်
- အလွန်ထက်တဲ့ ဓားတစ်ချောင်းကို အသုံးမပြုဘဲ ပစ်ထားတာကြာရင် သံချေးတက်ပြီး ပျက်စီးသွားမှာပဲ။ စိတ်ဆိုတဲ့ အရာကိုလည်း အသိနဲ့သတိရဲ့ ထိန်းချုပ်မှုအောက်မှာ မထားဘဲ၊ စိတ်အလိုအတိုင်း လွှတ်ပေးထားရင် တဖြည်းဖြည်းနဲ့ သုံးမရအောင် ပျက်စီးသွားမှာပဲ။ (အာရုံတွေနဲ့ ပတ်သက်ပြီး မိမိစိတ်ထဲကို ၀င်လာတဲ့အာရုံဘက်ကို မိမိစိတ်က ရောက်နေလား? မိမိစောင့်ကြည့်တဲ့ဘက်မှာ မိမိအသိရှိနေရဲ့လား? ဆိုတဲ့ စိတ်ကိုစောင့်ကြည့်တဲ့ အလုပ်တစ်ခု ပေးထားလိုက်ပြီး စိတ်မပျက်စီးအောင် ကာကွယ်ပါ။)
တမေ့တမြောစိတ်
- အသိနဲ့သတိရဲ့ ထိန်းချုပ်မှု မရှိတဲ့အခါတွေမှာ စိတ်ရဲ့သဘာဝအရ အာရုံဝင်စားရာကို အတိုင်းအဆမရှိ လွင့်ပျံ့နေတဲ့ စိတ်အဓိပ္ပာယ်။
တမြည့်မြည့် လောင်ကျွမ်းစိတ်
- အကြောင်းတစ်ခုခုကြောင့် စိတ်ထဲကို ၀င်လာတဲ့စိတ်ကို အကုန်အစင် ဖယ်မထုတ်နိုင်လို့ ကျန်နေတဲ့ စိတ်အပိုင်းအစက ထိခိုက် နာကျင်နေစေတာပဲ။ ဒါကို သတိမထားမိဘဲ အချိန်ကြာရင် ကြာသလို စိတ်ထဲက လက်ကျန်အနာကလည်း ကြီးထွားလာမှာ သေချာတယ်။ နောက်ထပ် စိတ်ပျက်စရာ အနာတွေ ထပ်ဆင့် ၀င်လာရင်တော့ ခန္ဓာကိုယ်ကြီး တစ်ခုလုံး သေကြေ ပျက်စီးသွားတဲ့အထိ အဆုံးစီရင်နိုင်တဲ့ စိတ်အမျိုးအစား။