တကောက်ကောက်လိုက်နေသောစိတ်
- ယခုလက်ရှိအချိန်မှာ မိမိစိတ်ကို မထားနိုင်ဘူးဆိုရင် အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တစ်ခု မိမိစိတ်ထဲကို ၀င်လာတာ မသိလိုက်ဘဲ ၀င်လာတဲ့စိတ်နောက်ကို မျောပါသွားတတ်တဲ့ စိတ်အဓိပ္ပာယ်။
တကွဲတပြားဖြစ်နေသောစိတ်
- မျက်နှာသစ်ခြင်း၊ ရေချိုးခြင်းစတဲ့ နေ့စဉ်လုပ်နေကျအလုပ်တွေ ဖြစ်နေလို့သာ အကျင့်ပါပြီး အဆက်မပြတ် လုပ်နေပေမယ့် လက်ရှိ အလုပ်ထဲမှာ စိတ်က အတူတူမရှိဘဲ အတွေးနဲ့ လွင့်မျောနေတယ်။ အဲဒီလို အသိနဲ့သတိ ပူးတွဲပြီးမရှိဘဲ တခြားစီ ပျံ့လွင့် ကွဲပြားနေတဲ့ စိတ်အနေအထား။
တခမ်းတနားဖြစ်နေသောစိတ်
- လိုလေသေးမရှိ၊ အရာရာပြည့်စုံတဲ့အနေအထားတစ်ခုမှာ အနေကြာပြီး ရုတ်တရက် အဆင်မပြေတဲ့နေရာ တစ်ခုခုဆီ ရောက်သွားတဲ့အခါမျိုးမှာ အခြေအနေချင်း မတူတော့ပေမယ့် ပြည့်စုံခဲ့တုန်းက စိတ်ကအကျင့်ပါပြီး စိတ်ထဲမှာ မပျောက်ဘဲ ကျန်နေတဲ့ စိတ်အမျိုးအစား။
တငွေ့ငွေ့လောင်နေသောစိတ်
- ဘ၀နဲ့ရင်းပြီး ဆုံးရှုံးနစ်နာခဲ့ရတာတွေကို ကိုယ်တွေ့ကြုံလိုက်ရတဲ့အခါမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို မေ့လို့ မရမချင်း အချိန်တိုင်းလိုလို သတိရနေပြီး ထိခိုက်ကြေကွဲ ပူဆွေးနေတဲ့ စိတ်ပုံစံ။
တစ်စုတရုံးစိတ်
- အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်အားလုံးဟာ သဘောတူညီမှု တစ်ခုတည်းအပေါ်မှာ ယုံယုံကြည်ကြည် စုစုစည်းစည်း ဖြစ်နေကြတဲ့ စိတ်အဓိပ္ပာယ်။
တစေ့တစောင်းအကဲခတ်စိတ်
- စိတ်ကို စောင့်ကြည့်သိမှတ်ရင်း စိတ်အသွားအလာ၊ အဖြစ်အပျက်၊ အပြောင်းအရွှေ့တွေကို သိမှတ်မှု မှန်ရဲ့လား? တစ်ခုပြီးတစ်ခု အတိအကျ သိနိုင်ရဲ့လား? ကြားဖြတ်စိတ်ဝင်လို့ မရအောင် အဆက်မပြတ် သိမှတ်နိုင်ရဲ့လား? စသဖြင့် မိမိရဲ့အားထုတ်မှုကို စစ်ဆေးနေတဲ့ စိတ်အဆင့်။
တစိုက်မတ်မတ်စိတ်
- အလုပ်တစ်ခုကို လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ ချက်ချင်းမလုပ်သေးဘဲ မိမိလုပ်မယ့်အလုပ်အတွက် လိုအပ်သမျှ အရာရာကို ကြိုတင်စုဆောင်း ပြင်ဆင်ပြီးမှ အလုပ်ပြီးသည်အထိ အာရုံတစ်ခုတည်း စူးစိုက်ပြီး ပြုလုပ်နေတဲ့စိတ်။
တစိမ့်စိမ့်စိတ်
- ဖြစ်ခဲ့ပြီးတဲ့ အဖြစ်အပျက်တစ်ခုခုရဲ့ အရှိန်ပြင်းထန်မှုအပေါ်မှာ မူတည်ပြီး ကျေနပ်နှစ်သက်ခဲ့တာပဲဖြစ်ဖြစ်၊ မကျေမနပ်ဖြစ်ခဲ့ တာပဲဖြစ်ဖြစ်၊ ဖြစ်ခဲ့တဲ့အကြောင်းအရာကိုသာ ဆက်တိုက် မရပ်မနား တစ်ဆက်တည်း သတိရနေတဲ့ စိတ်အမျိုးအစား။
တဇောက်ကန်းစိတ်
- စိတ်လှုပ်ရှားမှုအပေါ်မှာ ဦးစားပေး အလိုလိုက်ပြီး တွေးခေါ်မြော်မြင် နှိုင်းဆချင့်ချိန်မှုတွေ မရှိတော့ဘဲ စိတ်လွတ် ကိုယ်လွတ် မိုက်မိုက်ကန်းကန်း ပြုလုပ်တတ်တဲ့စိတ်။