မိမိက ဖြတ်ပစ်ရတာ မဟုတ်ဘဲ သဘာဝက
အရာရာကို ဖြတ်ချနေတာကို သေသေချာချာ သဘောပေါက်သွားရင်
သဘာဝရဲ့ ဖြစ်စဉ်၊ ပျက်စဉ်တွေပေါ်မှာ မိမိသိပေးရမယ့် အသိကို တင်ပြီး စောင့်ကြည့်နေရုံပဲ။
ဒါဆိုရင်
လက်ရှိအချိန်မှာ ထားထားတဲ့ စိတ်အနေအထားနဲ့ စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့ စိတ်အသိရဲ့ သဘောကို သိနားလည်ဖို့ လွယ်သွားရော။
အခုဆိုတဲ့ လက်ရှိအချိန်မှာသာ မိမိစိတ်ကို တည့်တည့်ထားနိုင်ရင်
ဘယ်လိုစိတ်အမျိုးအစားပဲ ၀င်လာဝင်လာ၊
ဘယ်လိုအာရုံပဲဖြစ်ဖြစ်၊ ခဏလေးပဲ ဖြစ်ခွင့်ရှိနေတာကို လက်တွေ့ သိသွားမယ်။
တစ်ကြိမ်မှာ စိတ်တစ်ခုပဲ ရှိခွင့်ရှိတာကို သဘောပေါက်သွားမယ်။
သဘာဝရဲ့ အရာရာကို ဖြတ်တောက် အဆုံးသတ်ပေးနေတာကို ထင်ထင်ရှားရှား တွေ့သွားမယ်။
ခန္ဓာကိုယ်ရှိလို့သာ စိတ်တွေ ရှိခွင့်ရနေတာ။
အာရုံခြောက်ပါးကြောင့်သာ စိတ်တွေ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေတာ။
အာရုံနဲ့ စိတ်နဲ့ ထိတွေ့မှုကို သိပြီး ဖြတ်တောက်နိုင်ရင် မဖြစ်သင့်တဲ့ စိတ်တွေ ဖြစ်ခွင့်မရနိုင်ဘူးဆိုတာ သိလာလိမ့်မယ်။
စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့ စိတ်အလုပ် လုပ်နေမှုကြောင့် စိတ်ထဲကို စိတ်တစ်ခု ၀င်လာတာနဲ့ ချက်ချင်းသိတယ်။
ရှိနှင့်ပြီးသား စိတ်နဲ့ မတူတဲ့ တခြားအာရုံတစ်ခု ၀င်လာလို့၊ ပြောင်းရွှေ့သွားတာမျိုး၊
မူရင်းစိတ် လှုပ်ရှားသွားတာမျိုးကို စောင့်ကြည့်နေရင် ချက်ချင်း သိနိုင်တယ်။
အဲဒီအချိန်မှာ ဘာစိတ်ဝင်လာတာလဲလို့ စုံစမ်းစရာ မလိုဘူး။
ခံစားစိတ်တစ်ခုခု ပါလာတဲ့ စိတ်ဆိုတာ သေချာနေတယ်။
အနှောင့်အယှက် ပေးဖို့ ၀င်လာတာပဲဆိုတာ သေချာတယ်။
မယူနဲ့၊ မခံစားနဲ့၊
ယူလိုက်မိတာနဲ့၊ ခံစားလိုက်တာနဲ့ မိမိရဲ့ မူရင်းစိတ်အစဉ်ကို ဖျက်ဆီးသွားမှာ သေချာနေတယ်ဆိုတာ သိကို သိပြီးသား ဖြစ်နေရမယ်။
လက်ခံလိုက်တာနဲ့ မိမိရဲ့အသိစိတ် ပြောင်းရွှေ့သွားမှာ သေချာတယ်။
ဝင်ခွင့်ရလိုက်တဲ့စိတ်က အတွေးအဖြစ် ပြောင်းရွှေ့သွားတဲ့အဆင့်ကို ရောက်သွားတာမျိုးဆိုရင်တော့ အခြေအနေက ဆိုးရွားသွားပြီ။
တွေးနေတာ၊ စဉ်းစားနေတာ၊ ကြံစည်နေတာတွေဟာ မိမိစိတ်အနေနဲ့ ပစ္စုပ္ပန်တည့်တည့်မှာ မရှိတော့လို့ပဲ။
စောင့်ကြည့်သိမှတ်နေတာ မဟုတ်တော့ဘဲ ၀င်လာတဲ့စိတ်နဲ့ အတူမျောပါသွားလို့ပဲ။
(အသံတစ်ခု ကြားတာကို ဘာအသံလဲ စုံစမ်းလိုက်တာနဲ့ စိတ်အလျဉ်ရဲ့ သဘောအရ အဆင့်ခြောက်ကို ကျော်သွားပြီ။
အမှန်က ကြားလိုက်တယ်ဆိုတည်းက ကြားတဲ့အသံက အသံအနေနဲ့ မရှိတော့ဘူး။
ကြားမှန်းသိတဲ့ ကြားစိတ်ကလည်း အများကြီး နောက်ကျကျန်ခဲ့ပြီ။
မရှိတော့တဲ့အသံကို ဖက်တွယ်ထားရင်၊
မရှိတော့တဲ့ အသံနဲ့အတူ မိမိစိတ်က နောက်မှာကျန်နေခဲ့တဲ့ သဘောပဲ။
မိမိစိတ်ဟာ လက်ရှိအချိန်မှာ ရှိမနေတော့တာကို ချက်ချင်း သိရမယ်။)
မိမိ လုပ်နေဆဲအလုပ်တိုင်း၊ ဖြစ်ရပ်တိုင်း၊ အခြေအနေတိုင်းမှာ
မိမိစိတ်က လက်ရှိအချိန်မှာပဲ ရှိနေရမယ်။
မိမိစိတ်ကို စောင့်ကြည့်သိမှတ်နိုင်နေရမယ်။