စားပြီးရင် မိမိကိုယ်တိုင် ပန်းကန်ဆေးရတာ ရှိမယ်။

စားပြီးသား ပန်းကန်ဆေးတဲ့သူက ဆေးရတာမျိုး ရှိမယ်။

ပန်းကန်ဆေးမယ်ဆိုရင် ဘယ်လိုပန်းကန်ကို အရင်ဆေးမယ်ဆိုတာ စိတ်ကအရင် ရွေးချယ်တယ်။

ဆုံးဖြတ်တယ်။

စိတ်က ဆုံးဖြတ်လိုက်တဲ့ အရာကို လှုံ့ဆော်တိုက်တွန်းတဲ့ စိတ်က ပြုလုပ်စေတယ်။

ပြီးစီးသွားစေတယ်။

ဆပ်ပြာယူတာ၊ ပွတ်တိုက်တာ၊ ရေဆေးတာ၊ တော်လောက်ပြီလို့ ဆုံးဖြတ်တာ၊

ပန်းကန်ဆေးခြင်းကိစ္စကို အဆုံးသတ်တာတွေ အားလုံးဟာ

မလုပ်ခင်၊ လုပ်နေဆဲ၊ လုပ်ပြီးသွားတာဆိုတဲ့ အဆင့်သုံးဆင့်ထဲမှာပဲ ရှိတယ်။

ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အချိန်နဲ့အတူ အရာရာဟာ ကုန်ဆုံးသွားတယ်ဆိုတာ စောင့်ကြည့်သိမှတ်ရင် ချက်ချင်း သိနိုင်တယ်။

ပန်းကန်မဆေးဘဲ

စာဖတ်ခြင်းကိစ္စကို ဆောင်ရွက်တယ်ဆိုရင်လည်း

စာဖတ်တဲ့အချိန်မှာ ဖတ်မိတဲ့စာလုံးရဲ့ အဓိပ္ပာယ်ကို ဖတ်ရင်းနဲ့ တစ်ချိန်တည်းမှာ အဓိပ္ပာယ် ဖော်ကြည့်နေကြတာ ချည်းပဲ။

ဖတ်နေတဲ့စာရဲ့ အဓိပ္ပာယ်ကို သိရင် ဆက်ဖတ်တယ်။

မသိသလို၊ နားမလည်သလိုဖြစ်ရင် စာဖတ်ခြင်းက ရပ်သွားတယ်။

စာရဲ့အဓိပ္ပာယ်က ဘာကိုဆိုလိုတာလဲ? လို့ စဉ်းစားတယ်။ စာတကယ် ဖတ်တဲ့လူဆိုရင် နားလည်တဲ့ အထိ တွေးတယ်။ (တွေးတဲ့အခါမှာ တွေးနေမှန်း ချက်ချင်း သိနေရမယ်။ အဖြေထွက်သွားလို့ စိတ်ထဲမှာ ကျေနပ်သွားတဲ့ ပြောင်းရွှေ့မှု ဖြစ်သွားရင်လည်း ပြောင်းရွှေ့ သွားတာကို သိနေရမယ်။ ဘာပဲလုပ်လုပ် သိနေရမယ်။)

စာအဓိပ္ပာယ်ကို သိလို့၊ ကျေနပ်လို့၊ ရေးမှတ်ချင်တဲ့ စိတ်ဖြစ်လာရင် ဖြစ်လာမှန်း သိရမယ်။

စာအုပ်ယူတာ၊ ဘော(လ်)ပင်ယူတာ၊ ရေးမှတ်တာ၊

ရေးရင်းနဲ့ စာအဓိပ္ပာယ်ကို မိမိနားလည်သလို ပြန်မှတ်တာ။

စာအဓိပ္ပာယ်နဲ့ မိမိနားလည်တာနဲ့ ကိုက်ညီမှု ရှိ မရှိ၊ ဆင်ခြင်သုံးသပ်တာ မှန်သမျှ အကုန်လုံး ဘာပဲလုပ်လုပ် သိနေရမယ်။

ကျေနပ်သွားပြီလို့ စိတ်ကဆုံးဖြတ်ရင် စာကို ဆက်ဖတ်မယ်။

တစ်ခါတလေ စိတ်ဝင်စားမိတဲ့ စာရဲ့အဓိပ္ပာယ်ကို ဆက်ဖတ်တဲ့ စာမျက်နှာ တစ်မျက်နှာ၊ နှစ်မျက်နှာလောက်ကျမှ နားလည်သွားတာမျိုး ရှိတတ်တယ်။ အဲဒီလို ဖြစ်သွားရင်လည်း စိတ်မှာဖြစ်သွားတဲ့ အပြောင်းအရွှေ့ကို သိပေးရမယ်။

သိပြီးတာနဲ့ အာရုံရော၊ သိနေတဲ့စိတ်ပါ ချက်ချင်း မရှိတော့တာကို ထပ်ပြီး သိရမယ်။

ဒီသိခြင်းဟာ စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့ စိတ်အလုပ်ပဲ။

ဒီသဘောအတိုင်းပဲ

ရေချိုးတယ်၊ အ၀တ်အစားလဲတယ်။

ထမင်းချက်တယ်၊ အပြင်ထွက်တယ်။

လူတွေနဲ့ တွေ့တယ်။ စကားပြောကြတယ်။ (ပြောရင် ပြောတဲ့စိတ်၊ နားထောင်ရင် နားထောင်တဲ့စိတ်။)

တီဗွီကြည့်တယ်။ မြင်ရတဲ့အရုပ်နဲ့ ကြားတဲ့အသံတွေကြောင့်

မိမိရဲ့ စိတ်အနေအထား ပြောင်းရွှေ့သွားတာတွေကို သိပေးနေရမယ်။

ခံစားတာ မပါဘူး။ သိရုံသိပေးရမှာ။

တကယ်လို့ ခံစားမှု ပါသွားရင်လည်း ပါသွားမှန်း ချက်ချင်း သိအောင် လုပ်ရမယ်။

ဘာပဲလုပ်လုပ် အစီအစဉ်တစ်ခုရဲ့ မပြုလုပ်ခင်၊ ပြုလုပ်နေဆဲ၊ ပြုလုပ်ပြီးသွားသလို၊ မိမိ စိတ်အသိကလည်း မသိခင်၊ သိနေဆဲ၊ သိပြီးသွားတဲ့ အစီအစဉ်သုံးခုရဲ့ တစ်ခုချင်းဆီမှာပဲ ပြီးဆုံးသွားစေရမယ်။

ဘာတစ်ခုမှ လက်ကျန် ကျန်ခဲ့တာမျိုး မရှိစေရဘူး။

လူသားတိုင်းလိုလို နေ့စဉ်နေ့တိုင်းရဲ့ အချိန်တိုင်းမှာ၊ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တိုင်းမှာ၊ ဖြစ်ရပ်တစ်ခု ပြီးဆုံးသွားတိုင်း သဘာဝရဲ့ သဘောတရားတွေကလည်း အကြောင်းအရာ အားလုံးကို ဖြတ်ချပစ်လိုက်တယ်။