အသင်ရော!
ဝီထိကျမှု (၀ါ) စိတ်ရဲ့သိမှုဖြစ်စဉ်ကို အဆင့်များနဲ့ ဖော်ပြထားပေမယ့်
တကယ့်စိတ်ဖြစ်စဉ်ရဲ့ မြန်လွန်းမှုကြောင့်
ဒီလိုစိတ်အဆင့်တွေ ဖြတ်ကျော်နေရတာကို
ကျွန်ုပ်တို့လူသားတွေ ဉာဏ်အဆင့်လောက်နဲ့ ဘယ်လိုမှ သိမြင်နိုင်မှာ မဟုတ်ဘူး
ဆိုတဲ့စကားကို
ဘယ်လိုလက်ခံမလဲ?
ဘယ်လို တုံ့ပြန်မလဲ?
ရသလောက်လေး နားလည်အောင် မကြိုးစားကြည့်ချင်ဘူးလား?
အလကားနေ အလကားပဲဟာ။ (သူများပြောတာ ယုံမနေနဲ့)
တစ်ခါတလေ အချိန်များရရင်
အချိန်ပေးပြီး နားလည်လို့ရသလောက်
သိကြည့်ပါလား။
သိကြည့်လို့ရအောင် အဖော်အဖြစ် အကူအညီပေးမယ်။
စိတ်ထဲကို စိတ်တစ်ခု ၀င်လာရင် လှုပ်ရှားသွားတဲ့ နိမိတ်ပြကို သတိထားမိတာက စရမှာပေါ့။
စိတ်ထဲကို စိတ်တစ်ခု ၀င်လာတာနဲ့ လန်းနေတဲ့စိတ်က နွမ်းပြီး ဒုက္ခလိုလို ဖြစ်ဖြစ်သွားတာကို သိနေတာတော့ ကြာပြီ။ ဖယ်လို့ရလိုက်၊ မရလိုက် ဖြစ်နေတာလည်းကြာပြီ။
သိနေတာ ကြာပြီဆိုတာက ၀င်လာတဲ့စိတ်တိုင်းမှာ ခံစားမှုတစ်ခုခုက ပါကိုပါတယ်ဆိုတာကို သိတာ။
မူလစိတ်အနေအထား မဟုတ်တော့ဘဲ ပြောင်းပြောင်းသွားတာကိုလည်း သတိထားမိတာ ကြာပြီ။ ဒါပေမယ့်
စိတ်အလျဉ်ရဲ့သဘောကို သဘောပေါက်တဲ့ အချိန်မှာတော့ မူလစိတ်အနေအထား လှုပ်သွားတာနဲ့ သိပြီး ဖယ်ထုတ်လိုက်တဲ့ အလုပ်ကိုပဲ စောင့်ကြည့်သိမှတ် ဖယ်ထုတ်နေတော့တယ်။
တချို့ဝင်လာတဲ့ စိတ်မျိုးကျတော့ ခံစားမှု ဗို့အားပြင်းတယ်။
တချို့ကျတော့ မသိသာဘူး။ အဲဒီ မသိသာတဲ့ ညင်ညင်သာသာစိတ်က ပိုဂရုစိုက်ရတယ်။ သတိ သမာဓိ ခိုင်မာလာရင်၊ အားကောင်းလာရင်တော့ ဖယ်လို့ရတယ်။ သတိမရှိလို့ကတော့ လှုံ့ဆော်စိတ်က တိုက်တွန်းနေမှာပဲ။ အဲဒီစိတ်ကတော့ ပြင်းပြင်း၊ ပျော့ပျော့ လုပ်တော့ဟေ့လို့ တိုက်တွန်းနေမှာပဲ။ အသိ-သတိ မရှိလို့ကတော့ ခံပေတော့ပဲ။