စိတ်ထဲကို ၀င်လာတဲ့ စိတ်တစ်ခုကြောင့် လှုပ်ရှားသွားတယ်ဆိုတာ စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ သတိရှိနေရင် သိသာထင်ရှားစွာ သိနိုင်တယ်။

စိတ်ကို စောင့်ကြည့်သိမှတ်မှု အားကောင်းလာရင် အာရုံနဲ့စိတ်နဲ့ ထိထိချင်း လှုပ်ရှားသွားတဲ့ အနေအထားကို သိကြည့်လို့ ရနေလို့ စိတ်ရွေ့သွားတာကို ထင်ထင်ရှားရှား သိတယ်လို့ပြောတာ။

လှုပ်ရှားသွားတဲ့ အချိန်မှာ ဖြတ်ပစ်လိုက်။

မဖြတ်ရင် သူက ကိုယ့်စိတ်ကို ဖြတ်မယ်။ ဖျက်ဆီးမယ်။ လမ်းကြောင်းတွေ လွဲကုန်မယ်။ ပြီးရင် ၁၇ဆင့်ဆိုတဲ့ သီအိုရီကို ထုတ်သုံးပြီး

ဘာစိတ်၊ ညာစိတ်ဆိုတဲ့ နာမည်အတပ်ခံရတဲ့ စိတ်အဆင့်ရောက်သွားရင် ကိလေသာ၊ တဏှာတွေက ကိုယ့်ကို ထပ်ပြီး နှိပ်စက်မှာ သေချာတယ်။

ခံစားစိတ်နဲ့ လှုံ့ဆော်စိတ်ကလည်း စောင့်နေတာ။ ပေါ်လာသမျှ ဘာစိတ်ပဲဖြစ်ဖြစ်၊ ဖြစ်လာနိုင်တဲ့ အဆင့်ကနေ ဖြစ်ပြီးသွားတဲ့ အထိ အရောက်ပို့ပေးဖို့ စောင့်နေတယ်ဆိုတာ သတိထားဖို့လိုတယ်။

စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ စိတ်လေ့ကျင့်ခန်း ရှိနေရင် ၀င်လာတဲ့စိတ်တွေကို ချက်ချင်းသိနိုင်တယ်။

ဝင်လာသမျှ စိတ်ပေါင်းစုံဟာ ဘယ်လောက်များများ တစ်ကြိမ်မှာ စိတ်တစ်ခု။

ပြီးတော့ စိတ်တစ်ခု ပြီးမှ နောက်စိတ်တစ်ခု။

ပြီးတော့ စိတ်တစ်ခု ဖြစ်ပြခွင့်ရတာ ခဏလေး။

စိတ်တွေကို စောင့်ကြည့်သိမှတ်နေရင် ဒါတွေကို ချက်ချင်း သိနိုင်တယ်။

ဝင်လာသမျှစိတ်တွေကို သိရုံလေး သိနေတာရယ်၊ သိနေတဲ့ အသိရော၊ သိကြည့်နေတဲ့ အာရုံပါ၊ နှစ်ခုလုံး မရှိတော့တာကို သိနေတာရယ်၊ သိနေတဲ့ အသိပေါ်မှာ သာယာကျေနပ်တဲ့ စိတ်ခံစားမှု အပါအ၀င် ခံစားမှုဖြစ်စေတဲ့ ဘယ်လိုစိတ်မျိုးမှ စိတ်ထဲမှာ မရှိမှ ဖြစ်မယ်ဆိုတာကို သိနေတာရယ်၊ သိရုံလေး သိနေတာကလွဲရင် စိတ်ဖြစ်စဉ် ၁၇ဆင့် အထိ အရောက်ခံလို့ မဖြစ်ဘူးဆိုတာရယ်၊ အားလုံးကို သဘောပေါက်စွာ သိသွားမယ်။

၁၇ဆင့်ထဲက စိတ်တစ်ခုခု ၀င်လာလို့ လှုပ်ရှားသွားတဲ့ အဆင့်မှာပဲ၊ ချက်ချင်း သိအောင်လုပ်၊ ချက်ချင်း ဖြတ်ပစ်တဲ့နည်းကို အဆက်မပြတ် လေ့ကျင့်နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။