စိတ်တစ်ခုဖြစ်ပေါ်လာတဲ့နေရာမှာ ၁၇ဆင့်ရဲ့ စိတ်အလျဉ်မြန်နှုန်းကို သိမြင်နိုင်ဖို့ဆိုတာ သာမန်ဉာဏ်အဆင့်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ စာရေးသူက အဓိကမှတ်ချက်အဖြစ် ဖော်ပြသလို အဓိပ္ပာယ်မျိုး ဖြစ်နေတာကို ဖတ်ရတော့ စိတ်မကောင်းဖြစ်သွားတယ်။

အရာရာကို အလွယ်တကူ မယုံတတ်တဲ့ စရိုက်ကြောင့်လည်း ဆရာကြီးရဲ့ မှတ်ချက်ကို လက်မခံနိုင်ဘူး ဖြစ်သွားတာပါ။

ဖတ်မိလိုက်လို့ စိတ်ရဲ့ဖြစ်ပေါ်မှု ဖြစ်စဉ်လမ်းကြောင်း သီအိုရီကို လက်တွေ့ စမ်းသပ်ကြည့်မယ်လို့လည်း စိတ်ထဲမှာ ဖြစ်သွားတယ်။

စတင်စမ်းသပ်လိုက်တာနဲ့ စိတ်ထဲမှာ ဖြစ်မှုတွေမြန်သလို စောင့်ကြည့်သိမှတ် လိုက်သိပေးရတဲ့ အသိကလည်း မြန်လွန်းနေတာကို သိကြည့်ရင်း ကိုယ့်ဟာကိုယ် အားမရ၊ မကျေမနပ်စိတ်တွေဖြစ်ပြီး စိတ်ညစ်လာတယ်။ အဲဒီလောက်ထိ သိပေးနေရတာတွေကို စိတ်ပျက်ပြီး မသိချင်လာတော့ဘူး။

ငါဆိုတာ ဘာမှမဟုတ်ပါလားလို့ သိလာသလို၊

ဘယ်အရာမှလည်း ဘာမှအရေးမကြီးတော့သလို၊

ငါနဲ့ဘာမှ မဆိုင်တာတွေချည်းပါလား ဆိုတာတွေ စိတ်ထဲမှာ ဖြစ်လာပြီး အားလုံးကို စိတ်ပျက်သွားတယ်။

စိတ်ကြောင့် ဒုက္ခတွေ ဖြစ်နေတာတွေဟာ ပိုပြီး ထင်ရှားလာတယ်။ စိတ်ရှိခြင်းကို စိတ်ပျက်လာတယ်။ ငါတော့ ဘေးကို ရောက်သွားပြီဆိုတဲ့ ကိုယ့်ကိုယ်ကို မသင်္ကာစိတ်တွေ ၀င်လာတယ်။

ဆရာ့စာအုပ်ထဲက ပါဠိလိုရေးထားတဲ့ စိတ်နာမည်တွေ လိုက်မှတ်၊ ဘာသာပြန်နဲ့တွဲကြည့်၊ စိတ်အဆင့် ၁၇ဆင့်ထဲက ဘယ်အဆင့်ကို ငါသိကြည့်လို့ ရနေလဲ။ သိကြည့်လို့ရသမျှ စိတ်ထဲမှာ မှတ်ပြီး ရေတွက်ကြည့်။

နောက်ဆုံးတော့ ရောထွေးကုန်ပြီး ဘာမှလုပ်လို့မရတော့အောင် ငယ်ထိပ်မှာ စုပြီး ပူလာတယ်။

ကိုယ်သိမှတ်လို့ ရနေတဲ့ လေ့ကျင့်နည်းလေးပါ ပျောက်သလိုလို ဖြစ်လာတယ်။

နောက်ဆုံးတော့ စိတ်အလျဉ်မြန်နှုန်းကို သိမြင်နိုင်ဖို့ဆိုတာ သာမန်ဉာဏ်အဆင့်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတဲ့ ဆရာကြီးရဲ့ သတိပေးချက်ကို လက်ခံလိုက်ရတယ်။

ဒါပေမယ့်...

စိတ်အဆင့်ဆင့် ပြောင်းရွှေ့ခြင်း သီအိုရီ ၁၇ဆင့်ထဲက နှစ်ခုတော့ ရလိုက်တယ်။ စိတ်သဘာဝဖြစ်စဉ်ဟာ ၁၇ဆင့် ရှိတယ်ဆိုပေမယ့် စိတ်တစ်ခု ဖြစ်ပြီးမှသာ နောက်ထပ် စိတ်တစ်ခု ဖြစ်ခွင့်ရတယ်ဆိုတာရယ်၊ မူလရှိနေတဲ့ စိတ်အနေအထားမှာ နောက်ထပ် စိတ်တစ်ခုက အကြောင်းတိုက်ဆိုင်လို့ ၀င်လာပြီး ထိတွေ့ လှုပ်ရှားသွားတဲ့အဆင့်မှာ ဖြတ်လိုက်နိုင်ရင် ရမယ်ဆိုတဲ့ အသိတစ်ခုရယ်၊ နှစ်ခုရလိုက်တယ်။