ထိုသို့ဆုံးဖြတ်ချက်ချသော ၀ုဋ္ဌောစိတ် ချုပ်ပျက်သွားသောအခါ ဇောစိတ် ဟုခေါ်သော စိတ်များ ခုနစ်ကြိမ် ဖြစ်ပေါ် ကြပါသည်။ (ဇောစိတ်ဆိုသည်မှာ အာရုံကို အရသာခံစားသောစိတ် ဖြစ်သည်။)

ထိုဇောစိတ်တို့ ခုနစ်ကြိမ် အစဉ်အတိုင်းဖြစ်ပေါ်ပြီး ချုပ်ပျက်သွားသည့်နောက် တဒါရုံဟုခေါ်သော ဇောစိတ်၏ အာရုံကိုပင် ဆက်လက် အာရုံပြုသော စိတ်နှစ်ကြိမ် ဖြစ်သည်။

အဆင်းရူပါရုံရုပ်သည် တဒါရုံနှစ်ကြိမ်အနက် ဒုတိယတဒါရုံစိတ်နှင့်ပြိုင်၍ ချုပ်ပျက်သွားသည်။ စိတ်အစဉ် (၀ီထိစိတ်)၌

အတီတဘ၀င်မှ နောက်ဆုံး တဒါရုံစိတ်အထိ (စိတ်တစ်ခု ဖြစ်ပြပြီးမှသာ နောက်ထပ် စိတ်တစ်ခု) စိတ် ၁၇ကြိမ်။ (ခဏလေးဖြစ်တဲ့ စိတ်အကြိမ်ပေါင်း ၁၇ကြိမ်) ရှိသည်။

အဆင်းရူပါရုံရုပ်၏ သက်တမ်းသည် ထိုစိတ် (၁၇)ကြိမ်နှင့် ညီမျှသည်။ တစ်ဒါရုံစိတ်နှစ်ကြိမ် ချုပ်သွားသောအခါ စိတ်အစဉ် (၀ီထိအစဉ်) ကုန်သောကြောင့် ဘ၀င်စိတ်အဖြစ် ရောက်ပြန်သည်။ (၀ါ) ဘ၀င်စိတ်အစဉ် ပြန်ရောက်သွားပြန်သည်။

ဤစိတ်အစဉ် (၁၇) ကြိမ်ဖြစ်ခြင်းကို စိတ်အဆင့်ဆင့်မြင့်တက်ခြင်း စာအုပ်မှာ ဖော်ပြတာကတော့

ဥပမာအားဖြင့် အသံတည်းဟူသော အာရုံတစ်ခု ၀င်ရောက်လာသည် ဆိုပါစို့။ ထိုအခါ ဖြစ်ပေါ်လာသော စိတ်အစဉ် စိတ်လမ်းကြောင်း (၀ီထိ) မှာ အောက်ပါကဲ့သို့ ဖြစ်လေသည်။

(၁) အတိတ်ဘ၀င် (အတီတ ဘ၀င်) - အာရုံတစ်ခုက လာမဖြတ်ခင်၊ မ၀င်ခင်၊ မူလရှိနေနှင့်ပြီးသော စိတ်အခြေအနေ။

(၂) လှုပ်ရှားသွားသောဘ၀င် (ဘ၀ဂ်စလန) - အသံတည်းဟူသော အာရုံကလာ၍ လှုံ့ဆော် ၀င်ရောက်လာသောကြောင့် လှုပ်ရှား သွားသောဘ၀င်။

(၃) ပြတ်သွားသောဘ၀င် (ဘ၀ဂ်ုပစ္ဆေဒ) - အသံနဲ့ပတ်သက်သော အာရုံတစ်ခုလုံးလုံး ၀င်ရောက်၍ မူလ ဘ၀င်စိတ် အစဉ်ကို ဖြတ်တောက် ပစ်လိုက်သောကြောင့် အစဉ်ပြတ်သွားသောစိတ်။

(၄) ၀င်လာတဲ့ အသံအာရုံဘက်သို့ ရှေးဦးစွာ လှည့်ပေးသောစိတ် (အာဝဇ္ဇန်း) ကဖြတ်တောက် ၀င်ရောက်လာသော အသံအာရုံ ဘက်ဆီသို့ လှည့်ပေးလိုက်သောစိတ်။

(၅) သက်ဆိုင်ရာ ဒွါရစိတ် (၀ိညာဉ်) - သက်ဆိုင်ရာ နားစိတ်၊ မျက်စိစိတ် စသည်တို့ဖြစ်ပေါ်လာသောစိတ်။

(၆) အာရုံကို လက်ခံသောစိတ် (သမ္ပဋိစ္ဆိုန်း) - ၀င်လာသောအာရုံကို (ဧည့်သည်အား အိမ်ရှင်က လက်ခံသကဲ့သို့ ၀င်လာသော အာရုံအသိကို လက်ခံလိုက်သောစိတ်။)

(၇) စုံစမ်းသောစိတ် (သန္တီရဏ) - ၀င်လာသော အသံအာရုံကို မည်သို့သော အသံမျိုးဖြစ်သနည်း။ သာယာသံလော - မကြားဝံ့ မနာသာ အသံလော စသဖြင့် စုံစမ်းသောစိတ်။

(၈) ဆုံးဖြတ်သည့်စိတ် (၀ုဌော) - ထိုသို့ စုံစမ်းပြီးနောက် ဤအသံကား ကြောက်လန့်၍ ဟစ်အော်လိုက်သော အသံကြီးပါလားလို့ ဆုံးဖြတ်လိုက်သောစိတ်။

ထိုသို့ စုံစမ်းပြီး၍ ကြောက်လန့်ဟစ်အော်သော အသံမှန်းသိပြီးနောက် မိမိ၌လည်း ကြောက်သောစိတ် (သို့မဟုတ်) ၀မ်းနည်းသောစိတ်သည် ဖြစ်၏။