ဘ၀င်စိတ် ဖြစ်နေရာမှ အကယ်၍

မြင်စရာအဆင်းသည် မျက်စိ၌ ထိတွေ့လျှင် မြင်သိစိတ်အစဉ် (စက္ခုဒွါရ၀ီထိ) ဖြစ်သည်။

ကြားစရာအသံသည် နား၌ ထိတွေ့လျှင် ကြားသိစိတ်အစဉ် (သောတဒွါရ၀ီထိ) ဖြစ်သည်။

အနံ့သည် နှာခေါင်း၌ ထိတွေ့လျှင် အနံ့နှင့်ဆိုင်သော စိတ်အစဉ် (ဃာနဒွါရ၀ီထိ) ဖြစ်သည်။

စားစရာအရသာက လျှာ၌ ထိတွေ့လျှင် အရသာသိစိတ်အစဉ် (ဇိဝှါဒွါရ၀ီထိ) ဖြစ်သည်။

အတွေ့အထိအာရုံက ကိုယ်၌ ထိတွေ့လျှင် ထိသိသည့် စိတ်အစဉ် (ကာယဒွါရ၀ီထိ) ဖြစ်သည်။

မနောဒွါရ၌ ဓမ္မာတို့ ထိတွေ့လျှင် စိတ်ကူးကြံစည်သိသည့် စိတ်အစဉ် (မနောဒွါရ၀ီထိ) ဖြစ်သည်။

ဤအစဉ်ခြောက်မျိုးကို ၀ီထိခြောက်မျိုးဟု ခေါ်လေသည်။

ဤ၀ီထိခြောက်မျိုးအနက် မြင်သိစိတ်အစဉ် (မြင်ဝီထိ) ဖြစ်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

လူ၏ မျက်စိအကြည်ရုပ် (စက္ခုပသာဒ) သည်စိတ်၏ ဖြစ်တည်ပျက် (ဥပါဒ်-ဌီ-ဘင်) ခဏတိုင်း၊ ခဏတိုင်း၌ အသစ် အသစ်တို့ အဆက်မပြတ် ဖြစ်ပျက်လျက်ရှိသည်။

စိတ်ခဏ (၁၇) ချက်မျှ ရှည်ကြာသည့် အကြည်ပဒေသာရုပ်တို့သည် ခဏမလပ် ဖြစ်ပျက်လျက် ရှိကြသည်။ မြင်စရာ အဆင်းရုပ်များသည်လည်း ခဏမစဲ ဖြစ်ပျက်လျက်ရှိကြသည်။ ယင်းကဲ့သို့ ဆက်တိုက် ဖြစ်ပျက်နေကြသော ရုပ်များအနက်မှ တစ်စုံတစ်ရာသော အဆင်းရုပ်နှင့် မျက်စိအကြည်ရုပ်တို့သည် တစ်ပြိုင်တည်း ဖြစ်ကြသည်။

သို့ရာတွင် ရုပ်ဟူသည် ဖြစ်ဆဲခဏတွင် အားမကောင်းသေးရကား မျက်စိအကြည်ရုပ်နှင့် အဆင်းရုပ်တို့၏ ဖြစ်ဆဲခဏ ဘ၀င်စိတ် တစ်ကြိမ်ခန့် အတွင်း၌ မျက်စိနှင့် အဆင်းတို့ အချင်းချင်း မတိုက်ဆိုင်မိကြသေး။ ‘မျက်စိအကြည်ထဲ၌ အဆင်းရိပ် မထင်ပေါ်သေး’ ဟု ဆိုလိုသည်။

ရူပါရုံစသော အာရုံငါးပါးသည် စက္ခုပသာဒ စသော (၅) ဒွါရ၌ ထင်လာသည့်အခါ ဖြစ်လျှင်ဖြစ်ချင်း မထင်နိုင်သေး။

ရုပ်တို့မည်သည် ဌီအခိုက်၌သာ အားရှိ၏။ ထို့ကြောင့် အားအကောင်းဆုံး ရူပါရုံသည် အကြည်လင်ဆုံး စက္ခုပသာဒ၌ ထင်ရသော်လည်း အနည်းဆုံး စိတ္တက္ခဏ (စိတ်တစ်ခဏ) တစ်ချက်ခန့် လွန်ပြီးနောက် ဌီသို့ရောက်မှ ထင်လာနိုင်သည်။”

(အရှင်ဇနကာဘိဝံသ အခြေပြုသဂြိုဟ် စာ - ၁၉၀)

မျက်စိ၌ အဆင်း မထင်သေးမီ လွန်သွားသော (၀ါ) ချုပ်ကွယ်သွားသော ဘ၀င်စိတ်ကို အတီတဘ၀င် ဟုခေါ်သည်။

(အဆင်း ရူပါရုံသည် စက္ခုပသာဒ၌ ထင်လာသည့်အခါ ထိုအဆင်းရူပါရုံသည် စိတ်တစ်ခဏ၊ တစ်ချက်ခန့်ကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်ရကား ထိုလွန်ခဲ့ရာကာလ၌ ဖြစ်သော ဘ၀င်စိတ်ကို လွန်ခဲ့ပြီးဖြစ်သော ဘ၀င် (အတီတဘ၀င်) ဟု ခေါ်ရခြင်းဖြစ်သည်။

အတီတဘ၀င် စိတ်ချုပ်သွားသည့်နောက် ဘ၀င်စိတ်တစ်ခု ဆက်၍ ဖြစ်ပြန်သည်။

ထိုဘ၀င်စိတ် ဖြစ်ဆဲခဏ၌ စောစောက ဖြစ်ပေါ်ပြီး အသင့်ရှိနေသော အဆင်းရူပါရုံနှင့် မျက်စိသည် တိုက်ဆိုင်မိကြသည်။ (၀ါ) မျက်စိထဲ၌ အဆင်းရိပ်ကျလာသည်။) (ထင်ပေါ်လာသည်ဟုဆိုလိုပါသည်။)