ဆက်တိုက်ဖြစ်စဉ်သဘောကို သိကြည့်သောစိတ်
ဆောက်တည်နေသောစိတ်
- စိတ်နဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေထဲက မိမိယုံကြည်ရာ စိတ်အလုပ်ကို အားထုတ်နေတဲ့ စိတ်အနေအထား။
ဆောက်တည်ရာမရသောစိတ်
- သတိမရှိတော့တာ၊ သမာဓိအား မကောင်းတော့တာ၊ အသိလည်း မရှိတော့တဲ့သဘောပဲ။ အာရုံခြောက်ပါးရဲ့ ပေါ်လာသမျှတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်လာပြီး ထိန်းချုပ်လို့ မရတော့တဲ့ စိတ်ပုံစံ။
ဆင်ကန်းတောတိုးစိတ်
- လက်ရှိတိရိစ္ဆာန်တွေထဲမှာ ခန္ဓာကိုယ်အကြီးမားဆုံး ဆင်ဟာ မျက်စိကန်းနေတယ်ဆိုတော့ သူ့ခြေဦးတည့်ရာမှာ ရှိသမျှတွေကို မမြင်မကမ်းနဲ့ ဇွတ်တိုးဝင်တော့မယ့် အနေအထားပဲ။ ဒီအချိန်မှာ ဒီဆင်ရဲ့ လုပ်ရပ်တွေဟာ ဆင်ခြင်တုံတရားဆိုတာ မပါနိုင်တော့ဘူး။ မျှမျှတတ စဉ်းစားတွေးခေါ်ပေးတာမျိုး မပါနိုင်တော့ဘူး။ ဖြစ်ချင်ရာ ဖြစ်ကွာဆိုတဲ့ အစွန်းရောက် စိတ်အမျိုးအစား။
ဆင်ကြံကြံသောစိတ်
- ဥပမာပေးပြီး သတ်မှတ်လိုက်တဲ့ စိတ်တစ်ခုပါပဲ။ ဆိုလိုတာက မိမိလုပ်ချင်တာ၊ ဖြစ်ချင်တာကို ဘယ်သူ့မှ ထုတ်ဖော် ပြောဆိုခြင်းမပြုဘဲ တစ်ယောက်တည်း ကျိတ်ကြံ ကျိတ်လုပ်တတ်တဲ့ စိတ်။ ဘယ်သူမှ မသိအောင် လျှို့ဝှက်ကြံစည်တဲ့စိတ်။
ဆင်ခြေဆင်လက်များသောစိတ်
- ဒီလိုအလုပ်မျိုးတွေက ငါလုပ်မှပဲဖြစ်မှာ၊ ငါမရှိရင် မဖြစ်ဘူး။ ငါလုပ်ပြမယ် စသဖြင့် အပြောကြီးပြီး လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ ပြောသလို မလုပ်နိုင်ခဲ့ရင် အကြောင်းအမျိုးမျိုးပြတတ်တဲ့ စိတ်အဆင့်။ ဒါကတော့ ဒီလိုရှိတယ်၊ ဘယ်သူက ဘယ်လိုဖြစ်နေလို့ ဆိုပြီး အပြောကြီးခဲ့တဲ့ဘက်ကို အာရုံမရောက်အောင် ရှောင်တိမ်းကွေ့ပတ် ပြောဆို လုပ်ကိုင်တတ်တဲ့ သူတွေဆီမှာ ရှိနေတဲ့စိတ်။
ဆင်ခြင်သုံးသပ်စိတ်
- မှားတယ်၊ မှန်တယ်၊ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးစတာတွေကို ဆင်ခြင်တုံတရားအသိနဲ့ အသုံးချတဲ့ စိတ်အမျိုးအစား။ မိမိ တည်ဆောက်ထားတဲ့ စိတ်အခြေအနေကို ဖျက်စီးခံရတော့မယ့် အနေအထားမျိုးနဲ့ ရုတ်တရက်ကြုံတဲ့အခါမျိုး မကြာခင် ကြုံလာနိုင်တဲ့အခါမျိုးတွေမှာ မိမိစိတ်ထဲကို အ၀င်မခံတဲ့ ကြိုတင်ပြင်ဆင် စီစဉ်ထားနိုင်တဲ့ သတိယှဉ်စိတ်။
ဆင်တူယိုးမှားစိတ်
- အစစ်မဟုတ်တဲ့ အတု။ အစစ်လို့ထင်အောင် ဖြစ်စေတဲ့ အတုရဲ့အစွမ်း။ ရာဂစိတ်ဖြစ်နေတာကို မေတ္တာစိတ်ထားတာပါလို့ လိမ်လိုက်တာမျိုး။ စိုးရိမ်နေတာကို သနားတာပါလို့ လိမ်နေတာမျိုး။ ဆိုတော့ မိမိစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့စိတ်တွေဟာ စိတ်အစစ်လား။ အစစ်လို့ထင်နေတဲ့ စိတ်အတုလား? သိစရာရှိတာတွေထဲက သိသင့်တာတွေကို သိတယ်လို့ ထင်နေတာလား? သိသလိုလို ဖြစ်နေတာလား? ဆင်တူယိုးမှား သတိထား!
ဆင့်ပွားတွေးတောစိတ်
- ရုတ်တရက် ရလိုက်တဲ့ အတွေးတစ်ခုကို ဆင့်ကဲဆင့်ကဲ ထပ်ဆင့်ပွားပြီးတွေးတတ်လို့ ဘ၀ကို တိုးတက်မှု အပြောင်းအလဲ ဖြစ်သွားစေတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် မိမိစိတ်ထဲ ၀င်လာသမျှ အာရုံတွေကို လက်ခံပြီး ထပ်ဆင့်ပွား တွေးနေမိရာက ဘေးချော်ထွက်ပြီး မူလရည်ရွယ်ချက် ပျက်စီးသွားရုံမက လက်ရှိ လုပ်နေတဲ့အလုပ်ကိုပါ ထိခိုက်သွားနိုင်တာမျိုးလည်း ရှိတော့ သတိထားသင့်တဲ့စိတ်။ ဆိုတော့ စောင့်ကြည့်သိမှတ်တဲ့ အသိကို ထပ်ဆင့်ပွားပြီး သိကြည့်လို့ရသလောက် ဆင့်ကဲဆင့်ကဲ ဆင့်ပွား သိနေတာနဲ့ ၀င်လာသမျှ အာရုံတွေနောက်ကို မျောပါပြီး ဆင့်ကဲဆင့်ကဲ ဆင့်ပွားတွေးနေတာနဲ့ အသိနဲ့အတွေးကို ခွဲခြားပြီး အသုံးချသင့်တဲ့ စိတ်။